၂၀၂၅ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ





လွိုင်ကော်၊ ဇူလိုင် ၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် အားကစားဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၄ ရက် နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ထူးချွန်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြည်နယ်အဆင့်အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ အဆင့်မီစွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် တရားမျှတစွာယှဉ်ပြိုင်ကစား၍ ပြည်နယ်ဂုဏ်ဆောင်ကစားသမားများဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်အသင်း ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းနှီးစွာလိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများသို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကာ အဆိုပါဘင်ခရာအဖွဲ့အား တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပရိသတ်များက အုပ်စု(က)မှ ယူနီရှယ် FC အသင်းနှင့် လယ်ထွဲ(က) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြပြီး လယ်ထွဲ(က)အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ (၇)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)