(၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ်နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ်နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ



နေပြည်တော်၊ ဇူလိုင် ၅

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan တို့သည် အမှာစကား အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန်မိတ်ဆက်ကြသည်။ ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အပြန်အလှန်နှုတ်ဆက်ကြသည်။

အဆိုပါ (၃၇) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းယဉ်ကျေးမှုအဖွဲ့များက ရိုးရာအဆိုအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာစားပွဲအပြီးတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ပေးအပ်ကြသည်။

အစည်းအဝေးဒုတိယနေ့ကို ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းတွင် Green Lake Resort ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၇) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြကာ အမှာစကားများအသီးသီး ပြောကြားကြသည်။

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့မှ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ရောက်ရှိပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ် Gen. Thongchai rodyoi နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမျိုးသားကာကွယ်မှု လေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီး Gen. Pongtep Gaewchaiyo တို့အား သီးခြားစီတွေ့ဆုံသည်။ တွေ့ဆုံစဉ် မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အလျင်အမြန်ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် (၃၇)ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ခြင်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးပြောကြားသည်။ ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ကြည်ရင်းနှီးစွာမိတ်ဆက်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

(၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ချင်းမိုင်မြို့ရှိ Wat Pa Dara Phirom Phra Aram Laung ဘုရားသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုခြင်း ၊ Queen Sirikit Botanic Garden နှင့် Central Festival Chiang Mai Shopping Mall တို့သို့ သွားရောက်လည်ပတ် လေ့လာခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)