ပြင်ဦးလွင်ဘက်က အသိမိတ်ဆွေတစ်ဦးနဲ့ ဆက်စပ်ပြီး ဒေသခံတစ်ဦးက ဆက်သွယ်လာပါတယ်။ အကြောင်းကတော့ သူတို့ရွာအနီးမှာ စိုက်ပျိုးမြေတွေကို ဝယ်ယူပြီး ကွက်စိတ်ရိုက်ရောင်းနေတယ်လို့ ပြောပါတယ်။ "အဲဒီလို ပြောရုံနဲ့တော့ မရဘူး။ အိတ်ဖွင့်ပေးစာ ရေးပို့လိုက်။ သက်သေအထောက်အထားတွေပါ ပို့လိုက်ပါ။ အဲဒါမျိုးဆိုရင်တော့ ဖော်ပြပေးလို့ ရပါတယ်။" လို့ အကြောင်းပြန်လိုက်ပါတယ်။
အိတ်ဖွင့်ပေးစာ ရေးပို့လာပါတယ်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပြင်ဦးလွင်သို့ လာရောက်သည့် ခရီးစဉ်တိုင်းတွင် စိုက်ပျိုးမြေများကို ဥပဒေမဲ့ အခြားနည်းအသုံးချခြင်းမပြုရန် လမ်းညွှန်မှာကြားပါသည်။
သို့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူတချို့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို လေးစားလိုက်နာခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှု၍ စိုက်ပျိုးမြေများကို ဝယ်ယူပြီး ကွက်စိတ်များ ရိုက်ရောင်းလျက်ရှိပါသည်။
ယခုအခါ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ရွာအနီးရှိ စိုက်ပျိုးမြေများကို ဝယ်ယူသွားသူက စိုက်ပျိုးရေးလုပ်ကိုင်ခြင်း မရှိဘဲ ကွက်စိတ်များ ရိုက်ရောင်းလျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ရေအရင်းအမြစ်နှင့် စိုက်ပျိုးမြေများ ဆုံးရှုံးမှု သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအတွက် ထိန်းသိမ်းပေးနိုင်ပါရန် တင်ပြအပ်တယ်။ ထိုသို့လုပ်ဆောင်နေမှုများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် +++အရာရှိတချို့ ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အလေးမထားဘဲ မိမိတို့ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှု၍ စိုက်ပျိုးမြေများကို ဥပဒေမဲ့ အသုံးချနေမှုများအပေါ် စိစစ်အရေးယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။)
အထက်ပါ အိတ်ဖွင့်ပေးစာကို(၃-၇-၂၀၂၅) ရက်နေ့က ဒေသခံ တစ်ဦးမှ ရေးသားပေးပို့ခဲ့ပါတယ်။ စာရေးသူအနေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုလည်း ဓာတ်ပုံတွေ၊ မြေကွက်ရောင်းချနေတဲ့ ပုံစံတွေနဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို လိုက်နာခြင်းမရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းထားပါတယ်။ အဖြေတော့ မပေးသေးပါဘူး။
(၄-၇-၂၀၂၅) ရက်နေ့မှာ နည်းနည်းတော့ ဗျာများသွားဟန်တူပါရဲ့။ ခြံစည်းရိုးတွေမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး အစိမ်းစတွေ လိုက်ကပ်နေတာကို ဒေသခံက တွေ့တယ်။ အဲဒီဓာတ်ပုံမှတ်တမ်းတွေလည်း ပို့တယ်။ ညနေပိုင်း ကြတော့ ခြံစည်းရိုးခတ်ထားတာတချို့ အဖျက်ပြတယ်လို့လည်း ပြောတယ်။ ပြင်ဦးလွင်မှာ လုပ်နေကျ လုပ်နည်းလုပ်ဟန်အတိုင်း အဖျက်ပြတာပေါ့ဗျာ။
ဒေသခံ ရေးသားပေးပို့သည့်အတိုင်း တင်ပြရရင် -
၁။ ပင်လိန်ကွင်းတွေ အကုန်သာတင်ပေးလိုက်ပါ အကိုကြီး။ ခု ၂ကွင်းပဲ တင်တော့ ကျန်တာတွေလွတ်တယ်တဲ့။ ++က မြို့နယ်အုပ်ချုပ်ရေးမှူးဆီတက်တဲ့ ၂ကွင်းပဲတဲ့။ ဆက်လုပ်လို့ရတယ်တဲ့။ တကယ့်လူတွေဗျာ သူတို့ချမ်းသာဖို့ပဲသိတော့တာ။
၂။ ဒါက ခု အစိမ်းတွေနဲ့ကာနေကြတာ။ မီးသွေးဖိုရွာအဝင် ပင်လိန်ရွာ အဆုံး က ယာမြေတွေကို ကွက်စိတ်ရိုက် ထားတဲ့နေရာပါ။ ခု သူတို့က အစိမ်းတွေနဲ့ ကာနေကြတယ်။
၃။ ဒါက ပင်လိန်အရှေ့ရွာနဲ့ အလယ်ရွာကြားက လက်ရှိလုပ်နေတဲ့ ကွက်စိတ် အသစ်စက်စက် လုံးဝရပ်နားခြင်းမရှိ ဆက်လက် လုပ်ဆောင်တာပါ။
၄။ +++နဲ့ ++ကို ငွေပေးပြီး ဖျက်တာ ကို သက်သာအောင် ဟန်ဆောင်လေးပဲဖျက်ပေးဖို့ ပြောဆိုပြီး အခြားကွင်းတွေကိုသာ အပြောင်ထိုးဖို့ ပြောဆိုတိုင်ပင်ကြပြီး အမှန်တကယ် ဖယ်ရှားခြင်းမပြုဘဲ ရှေ့ပိုင်းလောက်သာ ဟန်ပြလုပ်ဆောင်နေကြပါတယ်။ ++ ကိုယ်တိုင်ကလည်း အကွက်စိတ်ဆရာများကို ကျောက်တိုင်အတိုများဖြင့်သာ အကွက်ရိုက်ကြရန်၊ အဲလိုဆိုရင် အဆင်ပြေကြောင်း ဆက်လုပ်လို့ရကြောင်း ပြောဆိုနေကြပါတယ်။
အဖျက်ပြတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြောပြလာတာက "အကိုကြီးသိအောင်ပြောပြမယ်၊ အရင် ကြာလှနေပြီဖြစ်တဲ့ ကွင်းအအို အဟောင်းတွေကိုသာ အဖျက်ပြနေတာ၊ ခု ပြတဲ့ ခု လောလောဆယ် ကွင်းတွေကို ကျ ဟန်ပြလေးအဖျက်ပြနေတာ" လို့ ပြောပါတယ်။
စာရေးသူ (+)လက္ခဏာလေးတွေနဲ့ ရေးထားတာက တာဝန်ရှိသူတွေကို ရည်ညွှန်းပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကို ထည့်မရေးရဲလို့ (+) လေးတွေ ထည့်ရေးထားတာပါ။
မနေ့က ညပိုင်း မိုးတွေကလည်း သည်းနေလို့ ရုပ်သံမရိုက်ဖြစ်တဲ့အတွက် အလုပ်နားပြီး အိန္ဒိယမင်းသားကြီး အက်ခ်ရှေးကူမား ပါဝင်သရုပ်ဆောင်ထားတဲ့ ဂတ်ဘာဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားကို ထိုင်ကြည့်ဖြစ်တယ်။ ဂတ်ဘာဆိုတဲ့ ဇာတ်လမ်းက ဝိသမလောဘသားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို တရားမဝင်နည်းလမ်းနဲ့ နှိမ်နင်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အစကတော့ မင်းသားကြီး အက်ရှေးဟာ ဇနီးချောချောလေးနဲ့ မိသားစုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။ သူ့ဇနီး ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာပဲ သူတို့ နေတဲ့ ကွန်ဒိုက ပြိုကျပျက်စီးပြီး လူပေါင်း (၁၀၀)ကျော် သေဆုံးခဲ့ရတဲ့အထဲ သူ့ဇနီးလည်း ပါသွားခဲ့ပါတယ်။ မင်းသားကြီး အက်ခ်ရှေး က သက်သေအထောက်အထားတာတွေ ရှာဖွေပြီး ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီသူဌေးကြီးကို တိုင်တန်းဖို့ လုပ်ပါတယ်။
သူရရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ သူဌေးကြီးဆီသွားတဲ့အခါ သူဌေးကြီးက သူ့ကို အခွင့်အရေး ၂ခု ပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ချင်တဲ့ဆီကို တိုင်၊ နောက်တစ်ခုက သူများတွေ လျော်ကြေး ၁.၅ သန်းပဲ ရတယ်။ မင်းကို (၁၀)သန်း ပေးမယ်ဆိုတော့ မင်းသားကြီး အက်ခ်ရှေး က ရဲစခန်းကို ဖုန်းဆက်ပြီး ပြောဖို့ လုပ်တယ်။ ဖုန်းလာကိုင်တဲ့ ရဲကို သူဌေးကြီး နာမည် ပြောလိုက်တာနဲ့ ရဲစခန်းကို လမ်းဘေးက ရေခဲမုန့်ဆိုင်များ မှတ်နေလား ဆိုပြီး ဖုန်းချက်သွားတယ်။ နောက်ထပ် ပြည်ထဲရေးဝန်ကြီးဆီ ဖုန်းဆက်ပြန်တယ်။ ပြည်ထဲရေးဝန်ကြီးကို သူဌေးကြီး နာမည်ပြောလိုက်ပြန်တော့ သူ့ဖုန်းကို လမ်းဘေးကကောင်က ဆက်ရကောင်းလားဆိုပြီး ဒေါသတကြီး ဖုန်းချသွားပြန်ပါလေရော။ သူဌေးကြီးက သူဘယ်လောက် ပိုင်သလဲဆိုတာ တွေ့ပြီးလား ဆိုတဲ့ သဘောမျိုးနဲ့ ရယ်မောနေတယ်။ မင်းသားကြီး အက်ခ်ရှေးကတော့ ဒေါသတွေ အလိပ်လိုက်ထွက်လာတယ်။ သူဌေးကြီးရဲ့ ဘေးမှာက လာဘ်ယူထားတဲ့ အခွန်အရာရှိ၊ စစ်ဆေးရေးအရာရှိတွေ အားလုံးရှိနေတယ်။ အဲဒီမှာ တိုက်ကြ ခိုက်ကြရင်း မင်းသား နိုင်နေရာကနေ တဖန်ပြန်ရှုံးပြီး သူဌေးကြီးက မင်းသား အက်ခ်ရှေးကို ပုဆိန်နဲ့ ခုတ်သတ်ပြီး သူ့တပည့်တွေကို လမ်းပေါ်မှာ သွားပစ်ခိုင်းထားလိုက်တယ်။
ကံကောင်းချင်တော့ ကျန်းမာရေးအဖွဲ့တစ်ဖွဲ့က လမ်းပေါ်မှာ သွေးသံရဲရဲနဲ့ တွေ့ရတဲ့ မင်းသားကြီး အက်ခ်ရှေး ကို ပြန်လည်စမ်းသပ် ကုသလိုက်တဲ့အခါကြတော့ ကောင်းသွားပါလေရော။ အတိုချုံးပြီး ပြောရရင် မင်းသားကြီး အက်ခ်ရှေးဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အခါ ဂတ်ဘာ လို့ အမည်ခံပြီး အကျင့်ပျက်ဝန်ထမ်းတွေကို နှိမ်နင်းလိုတဲ့ လူငယ်တွေကို စုစည်းတယ်။ တိုက်ခိုက်ရေးပညာတွေ သင်ပေးတယ်။ အကျင့်ပျက် ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ အလုပ်ကို လုပ်လာခဲ့တယ်။ ပထမဆုံး အကျင့်ပျက် အခွန်ဝန်ထမ်း (၁၀) ဦးကို ဖမ်းဆီးပြီး အဂတိလိုက်စားတဲ့ နေရာမှာ အဆိုးဆုံးတစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ကျန်တဲ့ (၉) ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ ဒီဖြစ်စဉ် ဖြစ်သွားတဲ့အခါကြတော့ အကျင့်ပျက် ဝန်ထမ်းတွေလည်း အနည်းငယ်တော့ သည်းထိတ်ရင်ဖို ဖြစ်သွားကြပြီပေါ့ဗျာ။
နောက်ထပ် ပြဿနာတစ်ခုက ဂတ်ဘာနဲ့ ကောင်းမလေးတစ်ယောက် လမ်းဖြတ်ကူးရင်းက မော်တော်ကားနဲ့ မတော်တဆ ထိခိုက်မိလို့ ပုဂ္ဂလိက ဆေးရုံထဲသွားပြမိရာက ရူမီး ၂၅၀၀၀ လောက် ပေးလိုက်ရတယ်။ ဆေးရုံထဲ ဂတ်ဘာရှိနေစဉ်မှာပဲ ငွေသွင်းကောင်တာမှာ ငွေသွင်းရင်း ပြဿနာတက်နေတာ တစ်ခုကို တွေ့လိုက်ရတယ်။ လူနာအမျိုးသမီး သေဆုံးသွားတာကို အသိမပေးဘဲ ငွေကြေးတောင်းခံမှုကြောင့် ပြဿနာတက်နေတဲ့ မြင်ကွင်း၊ အဲဒီနောက် ဂတ်ဘက် ဆေးရုံအနောက်ဘက်ကို ထွက်သွားချိန်မှာ သေဆုံးလူနာတစ်ဦးအတွက် မိသားစုကို လက်မှတ်ထိုးခိုင်နေတဲ့ မြင်ကွင်း။
အဲဒီ သေဆုံးလူနာကို ဂတ်ဘာက ဆေးရုံအရှေ့ကနေ ပြန်သွင်းသွားပြီး ဆေးရုံပြန်တင်တယ်။ ငွေမျက်နှာတစ်ခုသာ ကြည့်တဲ့ ဆရာဝန်တွေကလည်း သေဆုံးမှန်းသိသိနဲ့ ဆက်လက်ကြိုးစားကုသနေပါတယ်ဆိုပြီး ဆေးတွေဝယ်ခိုင်းတယ်၊ ကုသစရိတ် ငွေသွင်းခိုင်းတယ်။ ဂတ်ဘာ အဲဒီ သေဆုံးလူနာကို ဆေးရုံတင်ထားစဉ် ရူပီး (၄၅၀၀၀၀) လောက် ပေးလိုက်ရတယ်။ လူနာက အပုပ်နံ့ထွက်လာတော့မယ်၊ ဆက်ထိန်းထားလို့ မရတော့တဲ့ အချိန်ကြမှ လူနာသေသွားပြီ တဲ့၊ နည်းနည်းလေး နောက်ကျသွားတယ် လို့ ပြောတယ်။
အဲဒီတော့မှ ဂတ်ဘာ က "ခင်ဗျားတို့ ဆေးရုံက သေဆုံးလူနာကို ပြန်ရှင်အောင် ကုပေးလို့ ရသလား" လို့ မေးလိုက်တော့ ဆရာဝန်ကြီးတွေ မျက်စိမျက်နှာပျက်သွားတယ်။ အဲဒီလူရဲ့ သေစာရင်းကို ထုတ်ပြလိုက်တယ်။ သေဆုံးသူအတွက် သူပေးသွင်းထားတဲ့ ရူပီ (၄၅၀၀၀၀) နဲ့ နစ်နာကြေး ရူပီး ၁၅ သန်း ပေးဖို့ တောင်းဆိုတယ်။ မပေးရင် ဆေးရုံပိတ်သွားအောင် အထိ လုပ်ပစ်မယ်လို့ ပြောလိုက်တယ်။ ဆရာဝန်ကြီးများနဲ့ ဂတ်ဘာ စကားပြောနေစဉ် သေဆုံးသူရဲ့ သမီးလေးကို ရုပ်သံရိုက်ခိုင်းထားတယ်။ သူတောင်းဆိုသည့်အတိုင်း တစ်ဖက်က ပေးလိုက်ရတယ်။ သူက ရုပ်သံကို မီဒီယာတွေကနေ ထပ်ပြီး ဖြန့်ဝေလိုက်တော့ ဒီဆေးရုံမှ ကုသဖူးပြီး မကျေမနပ်ဖြစ်နေကြသူတွေက ဆေးရုံရှေ့ စုဝေးရောက်ရှိလာကြတယ်။ သူဌေးကြီးရဲ့ သားက ကားနဲ့ ရောက်လာချိန် ဆန္ဒပြသူတွေကို သေနတ်နဲ့ ဆင်းပစ်မယ်လို့ လုပ်တယ်။ လူအုပ်ကြီးက ဝိုင်းထုလိုက်တာ သူဌေးသား သေပါလေရော။
ဒီဆေးရုံပိုင်ရှင် သူဌေးကြီးကလည်း သူ့သားသေဆုံးသည်အထိ ဖြစ်ရတော့ ဘယ်သူမွှေသွားတာလည်း CCTV မှတ်တမ်းတွေ ပြန်စစ်ဆေးကြည့်တဲ့အခါ မင်းသားကြီး အက်ခ်ရှေး ဖြစ်နေတာကို တွေ့ရတယ်။ လွန်ခဲ့တဲ့ (၅)နှစ် က သူကိုယ်တိုင် သတ်ခဲ့တဲ့ လူက ဘယ်လို ပြန်ရှင်လာသလဲ အံ့သြနေတော့တာပေါ့။
သူဌေးကြီးကလည်း ဂတ်ဘာကို သတ်ဖို့ သူ့တပည့်တွေနဲ့ လိုက်ရှာခိုင်းတယ်။ ရဲတပ်ဖွဲ့ကလည်း ဂတ်ဘာကို အပူတပြင်း လိုက်ရှာနေပေမယ့် ဖမ်းဆီးရမိခြင်း မရှိဘူး။ ရဲတပ်ဖွဲ့ထဲမှာလည်း အမှန်တရားကို မြတ်နိုးတဲ့ ဂတ်ဘာနဲ့ လက်တွဲ လုပ်ဆောင်နေသူက ရှိနေတယ်။ ဒီဇာတ်လမ်းမှာတော့ သူဌေးကြီးနဲ့ ဂတ်ဘာ က ဆန့်ကျင်ဘက်ပေါ့။ သူဌေးကြီး က ဌာနဆိုင်ရာ တာဝန်ရှိသူတွေ သူပေးတဲ့ လာဘ်လာဘကိုယူပြီး သူခိုင်းတာ လုပ်ပေး။ မယူရင် သတ်ပစ်တယ်။ ဂတ်ဘာ က လာဘ်လာဘ ယူတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို လိုက်သတ်တယ်။ သူဌေးကြီးရဲ့ မွေးနေ့ပွဲမှာ ဂတ်ဘာက သူဌေးကြီးကို ဖမ်းဆီးပြီး ရှင်းပစ်လိုက်ပါသေးတယ်။
အတိုချုံးရရင် ဂတ်ဘာကို ရဲတပ်ဖွဲ့က မမိဘူး။ ဂတ်ဘာရဲ့ အဖွဲ့ထဲမှာ ပါတဲ့ လူငယ်တွေကို ဖမ်းဆီးထားတယ်။ နောက်ဆုံးတော့ ဂတ်ဘာ က သူကိုယ်တိုင် လာရောက်အဖမ်းခံတယ်။ ဂတ်ဘာ ဟာ အကျင့်ပျက်ဝန်ထမ်းတွေကို ရှင်းလင်းခဲ့တာ ဖြစ်တဲ့အတွက် လူထုက ဂတ်ဘာရဲ့ လုပ်ရပ်တွေကို မှန်ကန်တယ်လို့ မြင်လာတယ်။ ဂတ်ဘာကို ကြိုးမိန့်ပေးတော့မယ့်နေ့မှာ လူထုက လမ်းပိတ်ပြီး လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့အနေနဲ့ ဖယ်ရှားရှင်းလင်းဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဂတ်ဘာကို ထွက်ပြောခိုင်းရတယ်။ ကျောင်းသားတွေက ဂတ်ဘာကို လွှတ်ပေးဖို့ သမ္မတထံ အသနားခံစာ တင်ထားကြတယ်။ ဂတ်ဘာက ကျောင်းသားတွေကို ပြောတဲ့အခါမှာ "ကျောင်းသားတွေရဲ့ စွမ်းအား၊ ကျောင်းသားတိုင်း က အစိုးရအရာရှိ ဖြစ်မလာပေမယ့် အစိုးရအရာရှိ ဖြစ်လာသူတိုင်းက ကျောင်းသားတွေပဲ။ အကျင့်ပျက်နေသူတွေကို လှုပ်ခါပါ၊ တော်သင့်ပြီလို့ ပြောပါ၊ မင်းတို့ ဆုံးဖြတ်ဖို့ လိုအပ်ပြီ၊ မင်းတို့တိုင်းပြည်ကို ဘယ်ဦးတည်ချက်ဆီ ခေါ်သွားချင်သလဲ။ ဘာကြောင့်လဲဆိုတော့ မင်းတို့ဟာ အိန္ဒိယရဲ့ အနာဂတ်တွေပဲ။" စသဖြင့် လူငယ်တွေ အကျင့်ပျက် ဝန်ထမ်းတွေကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့ မိန့်ခွန်းပြောသွားပြီး သူလည်း ကြိုးစင်ပေါ်တက်ခဲ့လေသတည်းပေါ့ဗျာ။
ပြင်ဦးလွင်က ကွက်စိတ်ဆရာများနဲ့ ဂတ်ဘာ ဇာတ်လမ်းကို ပြန်ဆက်စပ်တဲ့အခါ စာရေးသူက ဂတ်ဘာ မဟုတ်ဘူး။ စာရေးသူအနေနဲ့ ဂတ်ဘာလို့ အကျင့်ပျက် ဝန်ထမ်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးအရေးယူနိုင်စွမ်း မရှိဘူး။ ဒေသခံပြည်သူတွေမှာလည်း အမှန်တရားကို လိုလားသူ အနည်းအကျဉ်းရှိပါတယ်။ သို့သော် ဝိသမလောဘသားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေက တသားတည်း ဖြစ်နေတဲ့ အခါမျိုးမှာ နိုင်ငံတော် အဆင့်ပုဂ္ဂိုလ်တွေကိုတောင်မှ လိမ်နေတာ၊ ခင်ဗျားတို့ ကျွန်တော်တို့ ဆိုတာ သူတို့ ပမွှားပေါ့။
မမှန်မကန် လုပ်ဆောင်နေတာတွေ၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့အပေါ် ဒေသခံ ပြည်သူများအနေနဲ့က ကိုယ့်အပေါ် အန္တရာယ် ကျရောက်လာနိုင်ခြေကိုလည်း တွက်ဆပါ။ မှန်မှန်ကန်ကန် ဖြစ်မလာဘူးဆိုရင်လည်း ဝိသမလောဘသားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေ အားကြီးလွန်းနေတယ် လို့ မှန်ကန်စွာ နှလုံးသွင်းပြီး ဖြေသိမ့်ပါ။
မြန်မာပြည်မှာလည်း ဂတ်ဘာတွေ လိုအပ်တာတော့ အမှန်ပဲ။ ခင်ဗျားတို့ ဂတ်ဘာ လို လုပ်နိုင်ရင်လည်း လုပ်ကြဖို့ စာရေးသူအနေနဲ့ကတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရင်း သံဝေဂ ဖြစ်ဖွယ်ရာကို မှတ်တမ်းတင် ရေးသားလိုက်ရခြင်း ဖြစ်ကြောင်း -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment