ဇူလိုင် - ၂၄ ( ကြာသပတေးနေ့ )
ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံအကြား လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြင့်တက်လာခဲ့သော တင်းမာမှုများသည် ပြင်းထန်လာပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အရပ်သား သုံးဦးနှင့် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
အငြင်းပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ ရှေးဟောင်းတမူးဘုရားကျောင်းအနီးတွင် ပထမဦးစွာ ပစ်ခတ်ခဲ့ကြောင်း တစ်ဘက်နဲ့ တစ်ဘက် စွပ်စွဲထားပါတယ်။ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက စတင် ပစ်ခတ်ခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်က စွပ်စွဲထားပါတယ်။ ကမ္ဘောဒီးယား အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့ ထိုင်းစစ်သားများက ဘုရားကျောင်းအနီးတွင် တပ်စွဲထားတဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့များကို တိုက်ရိုက် တိုက်ခိုက်မှု စတင်ခဲ့တယ်လို့ ပြောပါတယ်။
ထိုင်းစစ်တပ်က နံနက် ၈ နာရီ ၄၆ မိနစ်တွင် စတင်ပစ်ခတ်ခဲ့တာကြောင့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးရန်မှတစ်ပါး ရွေးချယ်စရာမရှိဘူးလို့ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၀ မိနစ်မှာ ကမ္ဘောဒီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ BM-21 ဒုံးကျည်နှစ်စင်းဟာ ဆူရင်ခရိုင် နယ်စပ်ဖွံ့ဖြိုးရေးစင်တာကို ထိမှန်ခဲ့တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံသား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပြိုကျနေသော ပြတင်းပေါက်များနှင့် မြေပြင်ပေါ်တွင် သွေးအိုင်များ ပါရှိသည့် သစ်သားအဆောက် အအုံကို ပြသထားသည့် နောက်ဆက်တွဲ အဖြစ်အပျက်ဓာတ်ပုံများကို အွန်လိုင်းတွင် လွှင့်တင်ခဲ့ပါတယ်။ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံ The Nation သတင်းဌာနကတော့ ကမ္ဘောဒီးယာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းအရပ်သား ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment