၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ




လွိုင်ကော်၊ ဇူလိုင် ၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မြန်မာအမျိုးသမီးများ နိုင်ငံတော်၏ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျား/မ တန်းတူညီမျှမှုရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်နေကြောင်း၊ အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အမျိုးသမီးများအခွင့်အရေးကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ Video Clip အား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသူများက “သနပ်ခါးလေးနဲ့ မောင့်ချစ်သူ” သီချင်းဖြင့်လည်းကောင်း၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းသူများက “အားနွဲ့ပေမဲ့ သတ္တိရှိသော၊ နူးညံ့ပေမဲ့ ရဲရင့်သော၊ ဘဝပေါင်းများစွာ၏ ပဲ့ကိုင်ရှင်” ပြဇာတ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ) ကျောင်းသူလေးများက “မြန်မာမလေးပါရှင့်” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြဇာတ်ဖြင့်ဖျော်ဖြေသည့်အဖွဲ့နှင့် အကဖြင့်ကပြဖျော်ဖြေသည့်အဖွဲ့များအား  ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)