ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံကို ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံကို ထွက်ခွာ


ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အစ္စလာမစ်အဖွဲ့ ဟားမတ်စ်နဲ့ တစ်ဆင့်ခံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ ကာတာနိုင်ငံသို့ ထွက်ခွာသွားတယ်လို့ အစ္စရေးမှာရှိတဲ့ မီဒီယာတွေက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက အဆိုပြုထားတဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဟားမတ်စ်က ပြင်ဆင်ချက် အများအပြားကို တောင်းဆိုခဲ့တယ်လို့ အရှေ့အလယ်ပိုင်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့အကြား အခုလိုသတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီအချက်တွေထဲမှာ ဂါဇာကမ်းမြောင်မှာ အကူအညီဖြန့်ဖြူးမှုတွေကို ကုလသမဂ္ဂနဲ့ လခြမ်းနီအဖွဲ့တွေက ပြန်လည်ဦးဆောင်ဖို့နဲ့ အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ ဇန်နဝါရီလတုန်းက ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ချိန်မှာရှိခဲ့တဲ့ အနေအထားအထိ ပြန်လည်ဆုတ်ခွာဖို့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေးက အဲဒီတောင်းဆိုချက်တွေကို လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

နှစ်ဘက်အကြား ပြတ်ပြတ်သားသား သဘောထားကွဲလွဲနေပေမဲ့ အစ္စရေးက ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသေးစိတ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ အများအပြားရှိနေတာကြောင့် သဘောတူညီချက်တစ်ရပ် ရရှိဖို့ အချိန်ကြာမြင့်မယ်ဆိုတဲ့ အစ္စရေးအစိုးရ သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို အစ္စရေး မီဒီယာ Haaretz က တနင်္ဂနွေနေ့မှာ ကိုးကားဖော်ပြခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ တနင်္လာနေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ ထိပ်သီးအစည်းအဝေးကျင်းပဖို့ အမေရိကကို တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၈၀ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲတဲ့ ပဋိပက္ခကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၇,၄၁၈ ဦးအထိ ရှိလာခဲ့ကြောင်း သူတို့က ဆိုပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)