နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံမှတစ်ဆင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်တို့သို့ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲဟာ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံ ဆွေးနွေး ခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့သလို ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး ဆိုင်ရာများ စတဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ အပါအဝင် Eurasian Economic Union-EAEU အဖွဲ့ဝင်နိုင်ငံများနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံနဲ့ပြည်သူတွေ အတွက် များစွာအကျိုးရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မိမိအနေနဲ့ မထင်မှတ်ဘဲ အရပ်ဘက်ဝန်ကြီးဌာနတစ်ခုကနေ ခရီးစဉ် တစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲနဲ့အတူ အနီးကပ်လိုက်ပါလေ့လာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် လည်း ဒီခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံနဲ့ပြည်သူတွေအတွက် ကောင်းရာ ကောင်းကျိုးကို အပြုံးမပျက် မနားမနေကြိုးပမ်းစွမ်းဆောင်လုပ်ဆောင်ချက်တွေ၊ အသက်အရွယ်နဲ့ မမျှအောင် ဖျတ်လတ်နိုးကြားတက်ကြွလန်းဆန်းနေမှုတွေကို မယုံနိုင်အောင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ရခဲ့လို့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးလိုက်တာဖြစ်ပါတယ်။
ရရှိတဲ့အချိန်ခဏအတွင်းမှာပင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ခဲ့
ခရီးစဉ်ကို ဇွန်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီအချိန်မှာ နေပြည်တော် လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရောက်ရှိခဲ့ပြီး နိုဗာစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲ Mr. Travnikov Ahdrey Aleksandrovich နဲ့ တာဝန်ရှိသူ များကလေဆိပ်မှာ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ နေပြည်တော်နဲ့ နိုဗာစီဗစ်မြို့ရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၂၅၃၀ ခန့်ရှိပြီး လေယာဉ်ပျံသန်းချိန် ၆ နာရီ ၃၀ မိနစ်လောက် ကြာမြင့်ပါတယ်။ အဲဒီလို လေယာဉ်ပျံသန်းချိန်ကြာမြင့်လို့ မိမိလိုလူငယ် တစ်ယောက်တောင် ပင်ပန်း နွမ်းနယ်နေပေမယ့် နိုင်ငံတော်အကြီးအကဲကတော့ နိုင်ငံနဲ့ပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုး အတွက် မပင်ပန်းနိုင်ရှာဘဲ တက်တက်ကြွကြွဖြင့် လေယာဉ်ဆီဖြည့် ရပ်နားချိန် ခဏအတွင်းမှာပင် ရတဲ့အချိန်ကို အကျိုးကျိုးရှိရှိအသုံးချပြီး နိုဗာစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်ဒေသတို့အကြား၊ အာဆီယံဒေသတွင်း နိုင်ငံများ အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လေကြောင်းပြေးဆွဲမှုများ မြှင့်တင်နိုင်ရေး တို့အပါအဝင် ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုတဲ့အစဉ် အလာနဲ့အညီ ဂုဏ်ပြုကြိုဆို
အဲဒီနောက်မှာတော့ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်ကနေ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်(မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲဝန်းကျင်)လောက်မှာ မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ လေဆိပ်ကို ရောက်တဲ့အချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့မှ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုတဲ့အစဉ်အလာနဲ့အညီ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။ လေဆိပ်ကနေ တည်းခိုမယ့်ဟိုတယ်ကိုတော့ ဒေသစံတော်ချိန် ည ၉ နာရီ ဝန်းကျင်လောက်မှာ ရောက်ရှိခဲ့ပါတယ်။ ရောက်ပြီးတာနဲ့ နိုင်ငံတော်အကြီးအကဲဟာ ချက်ချင်းမနား နိုင်သေးဘဲ နောက်နေ့ဆောင်ရွက်မယ့် ကိစ္စတွေအတွက် တင်ပြချက်တွေကို ပြန်လည်စိစစ်ပြီး စီမံခန့်ခွဲညွှန်ကြားမှုတွေလုပ်ရင်းနဲ့ ခရီးစဉ်အစ ပထမဆုံးရက်မှာတင် ညဉ့်နက်သန်းခေါင်အချိန်အထိ နိုင်ငံ့အကျိုးအတွက် အလုပ်များကို မနားမနေ လုပ်ဆောင်နေခဲ့ပါတယ်။ မြန်မာစံတော်ချိန်နဲ့ တွက်ကြည့်မယ်ဆိုရင် နောက်နေ့မနက် ၁ နာရီဝန်းကျင်အချိန်အထိ ရောက်ရှိခဲ့တာဖြစ်တဲ့အတွက် လူကြီးတစ်ယောက်အနေနဲ့ အရမ်းကိုနောက်ကျတဲ့ အနားယူချိန်ပဲဖြစ်ပါတယ်။
အပိုင်း(၂) အားဆက်လက်ဖော်ပြပါမည်
https://t.me/MyanmarNationalPost
No comments:
Post a Comment