ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား လွိုင်ကော်တွင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား လွိုင်ကော်တွင်ကျင်းပ




လွိုင်ကော်  ၊ ဇူလိုင် ၉


ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ၂၀၂၅ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ လွိုင်ကော်မြို့နယ်မှ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။


အခမ်းအနားအား ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္က အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များက မေတ္တသုတ် အစချီသော အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်မှုကို နာယူကြည်ညိုကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ရာ ပြည်နယ်သံဃနာယက အဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်က ဝါဆိုညွှန်းပေးတော်မူခဲ့သည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆားစသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယက အဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။


ထို့နောက် ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ် များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိသတ် များအား နေ့လယ်စာတည်ခင်းဧည့်ခံ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ယခုအလှူတော်မင်္ဂလာတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက ကယားပြည်နယ်အတွင်း ဝါဆို၊ ဝါကပ်တော်မူကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင် (၇၂၅)ပါး တို့အား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား စုစုပေါင်းတန်ဖိုးငွေကျပ် (၇၆၉)သိန်းကျော်အား ကုသိုလ်ပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)