ကြံခင်း၊ ဇူလိုင် ၉
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဝါဆိုလပြည့်(ဓမ္မာစကြာအခါတော်နေ့)တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များရှိ ဘုရား စေတီကျောင်းကန်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည် ခြင်း၊ ပဋ္ဌာန်းဒေသနာတော်များရွတ်ပွားပူဇော်ခြင်း၊ ဝါဆိုပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဘုန်းကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ သမိုင်းဝင် ဗုဒ္ဓတစ်ထောင် အကောက်တောင်စေတီတော်မြတ်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြှော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ဓမ္မာစကြာအခါတော်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ တရားရတနာ၊ သံဃာရတနာစတင်ပေါ်ပေါက်လာသောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံ လာသောနေ့၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ စသည့်တို့ဖြင့် ထူးခြား ဂုဏ်ဒြပ်များနှင့်အညီ ပြည့်စုံသော နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment