ပြင်ဦးလွင်သို့ အလည်တစ်ခေါက် (ကွက်စိပ်ပုံပြင်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်သို့ အလည်တစ်ခေါက် (ကွက်စိပ်ပုံပြင်)



နေပြည်တော်၊ လယ်ဝေး၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး မှ ဆရာတော် ဦးပညာက ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စေတီတော် ပြန်လည်တည်ထားပူဇော်လျက်ရှိရာ ထီးတော်ကို မန္တလေးက တပည့်များထံ သွားရောက်မှာယူမှာ ဖြစ်တဲ့အတွက် မန္တလေးခရီးစဉ် ရှိနေပါတယ်။ ဆရာတော် အလျဉ်းသင့်ရင် ပြင်ဦးလွင်ကိုလည်း ခဏတဖြုတ် တက်မယ်ဆိုရင် လိုက်ချင်ပါတယ်လို့ ဆရာတော်ကို လျှောက်ထားပါတယ်။ ဆရာတော်ကလည်း သွားပေးမယ်ဆိုသည့်အတွက် ဆရာတော်နဲ့ မန္တလေး၊ ပြင်ဦးလွင်သို့ (၁၈-၇-၂၀၂၅) ရက်နေ့မှာ ထွက်ခဲ့ကြပါတယ်။

မန္တလေးကို ရောက်ပြီး ဆရာတော်ရဲ့ တပည့်များထံမှာ ထီးတော်အတွက် မှာယူ စရံပေးပြီး ပြင်ဦးလွင်ကို ခရီးဆက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်က ဖိတ်ခေါ်သူများက အဓိကအားဖြင့်တော့ စိုက်ပျိုးမြေများအပေါ် ကွက်စိပ်ရိုက်ထားမှုများ၊ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဥပဒေမဲ့ ခြံကွက်ရိုက်ရောင်းချနေသည်များကို ပြန်လည်ဖြိုဖျက်ထားမှု အခြေအနေ၊ ဖြိုဖျက်ခြင်း လုံးဝမရှိသည့် အခြေအနေများကို ပြသလိုခြင်းကြောင့်ပဲ ဖိတ်ခေါ်ကြတာ ဖြစ်ပါတယ်။ 

၁၈-၉-၂၀၂၅ ရက်နေ့ ပြင်ဦးလွင်ကို ရောက်ပြီး ဆရာတော်များနဲ့ မဟာအံ့ထူးကံသာဘုရားကြီးကို သွားရောက်ဖူးမျှော်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘုရားကြီးကို မသွားမီ လက်ဖက်ရည်သောက်ရင်း ကွမ်းထွက်ဝယ်တဲ့အခါကြတော့ နောင်ချိုဒေသခံတစ်ဦးနဲ့ တွေ့တယ်။ သူက လာပြီး နှုတ်ဆက်လို့ စကားပြောဖြစ်တဲ့အခါ သူတို့က နောင်ချိုမြို့နယ်ထဲကနေ တိမ်းရှောင်လာခဲ့ရတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေထိုင်လျက်ရှိပါတယ်။ ယခု တပ်မတော်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီ။ မပြန်ကြသေးဘူးလားလို့ မေးမြန်းတဲ့အခါ သူတို့က မြို့ပေါ်က မဟုတ်ဘူး။ ရွာဘက်က ဖြစ်လို့ အကြမ်းဖက်သမားများ ခိုအောင်းနေနိုင်သေးတဲ့အတွက် အခြေအနေကို နားစွင့်နေဆဲပဲလို့ ပြောပါတယ်။

ကျွန်တော့်အနေနဲ့လည်း ပြင်ဦးလွင်မြို့ပေါ်က တောင်သူတွေ ပြောချင်တဲ့ ကိစ္စလေးတွေ ဆွေးနွေးပြောဆိုပြီးရင် နောင်ချိုမြို့ကို သွားဖို့ ရည်ရွယ်ခဲ့ပါတယ်။ သို့သော် မသွားဖြစ်ခဲ့ပါဘူး။

ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဘုရားကြီးကို ရောက်တဲ့အခါမှာ ဘုရားပန်ဝယ်ယူပြီး ဘုရားဝင်ဖူးတဲ့အချိန်မှာ ရေငယ်ကွင်းက စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းနေတဲ့ တောင်သူများထဲက အန်တီးတစ်ယောက်က ကျွန်တော် ဝင်လာတာကို တွေ့လိုက်လို့ဆိုပြီး ဘုရားပန်း နှစ်စီး ဘုရားပူဇော်ဖို့ လာပေးပါတယ်။ ဘုရားပန်းဖိုးပေးတော့ မယူပါဘူး။ ဘယ်လိုထူးခြားမှု ရှိသလဲလို့ မေးမြန်းကြည့်တဲ့အခါ လူနဲ့ ကွင်းနဲ့ တွဲပြီး ဓာတ်ပုံမှတ်တမ်းတော့ ယူသွားကြပြီ။ ဘယ်လို ထူးခြားလာမလဲ မသိသေးပါဘူးလို့ ပြောပါတယ်။ ကိုယ့်အနေနဲ့လည်း သူတို့ကို အားပေးနှစ်သိမ့်နိုင်မယ့် စကားမျိုး ရှာမရတာကြောင့် "သတင်းကြားရတာကတော့ မြေယာပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးမှာလို့ ကြားသိရပါတယ်။ ဆောင်ရွက်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။" ဆိုတာလောက်ပဲ အားပေးနှစ်သိမ့်နိုင်ပါတယ်။

ဒီစကားကလည်း ကိုယ့်စကား မဟုတ်ပါဘူး။ မြေယာကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်က သတင်းတွေ၊ ရုပ်သံတွေမှာ ဖော်ပြနေတာကို စိုးရိမ်တဲ့ မိတ်ဆွေတစ်ယောက်က အရမ်းကြီး အော်မနေပါနဲ့၊ ကျွန်တော် ပြောရင် ယုံစမ်းပါ။ အားလုံးကို ရှင်လင်းဆောင်ရွက်ပေးမှာပါလို့ ပြောထားတာကို အခြေခံပြီး ကိုယ့်အနေနဲ့က စိုက်ပျိုးမြေတွေ လက်လွတ်ဆုံးရှုံးပြီး ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေရသူတွေကို နှစ်သိမ့်ပေးခြင်း ဖြစ်ပါတယ်။

ညပိုင်း ပြင်ဦးလွင်မြို့ခံတချို့နဲ့ စကားပြောတဲ့အခါ ပြင်ဦးလွင်မြို့ပေါ်မှာ အမှုထမ်းနေကြတဲ့ တချို့ (တချို့သော) နိုင်ငံဝန်ထမ်းများ ကာလတိုအတွင်းမှာ ဖြစ်ထွန်းလာတဲ့ အခြေအနေများကို ပြောပြကြတာတွေကို ကြားသိရပါတယ်။ သူတို့ ပြောပြလို့ ကြားသိရတဲ့အခါကြတော့ နိုင်ငံဝန်ထမ်းတွေ ကြီးပွားလာကြတယ်၊ ချမ်းသာလာကြတယ် ဆိုတာတွေ ကြားသိရတဲ့အခါ စာရေးသူအနေနဲ့ ဝမ်းမြောက်မိပါတယ်။ အဂတိလိုက်စားတာတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ကိုယ်ကျိုးရှာတာတွေကို အားပေးတာမျိုး မဟုတ်ပါဘူး။ အဲဒါက သူတို့အပိုင်းပါ။ ကိုယ့်အနေနဲ့က လူတစ်ယောက် ကြီးပွားတိုးတက် ချမ်းသာလာတယ်ဆိုရင် မုဒိတာပွားပြီး ဝမ်းမြောက်ပေးရမှာ ကိုယ့်တာဝန် ဖြစ်နေလို့ပါ။ သူတို့တွေ ကြီးပွားချမ်းသာ လာသလို အများပြည်ကိုလည်း သူတို့လို ကြီးပွားချမ်းပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးကြရင် ပိုပြီး မုဒိတာပွားစရာ ဖြစ်လာမှာပါ။ သူတို့တွေပဲ ကြီးပွားချမ်းသာပြီး အများပြည်သူမှာ စိတ်သောကတွေ ရောက်နေရတယ်။ မကျေနပ်ချက်တွေကို မြိုသိပ်ထားရတယ်ဆိုရင်လည်း ဟန်မကျသေးပါဘူး။

တချို့အရာရှိကြီးတွေ ကြီးပွားချမ်းသာလာပြီး အပျော်အပါးတွေနောက် လိုက်လာတယ်။ အပျော်အပျက်ကနေ အမြှောင်ကိစ္စတွေပါလာပြီး မယားကြီးနဲ့ အမြှောင်မယား ပြဿနာတက်တဲ့ ဇာတ်လမ်းတချို့ကိုပါ ဒေသခံတွေက ပြောပြတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်။ ငွေတွေများများရလာရင် ဖြစ်တတ်တဲ့ သဘောသဘာဝပဲလို့ သံဝေဂဖြစ်မိပါတယ်။

ညပိုင်းစကားဝိုင်းကို ရပ်လိုက်ကြတယ်။ မိုးလင်းလို့ ဆရာတော်များကို အာရုံဆွမ်းသွားကပ်ခါနီး ကွမ်းဝယ်တဲ့အခါကြတော့ ဒေသခံအမျိုးသမီးက ရပ်ကွက်အုပ်ကြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ဒုက္ခပေးပုံအကြောင်း ပြောပြလာပြန်တယ်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အကြီးအကဲများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မည်သို့ပင် ပြောဆိုနေစေကာမူ အုပ်ကြီးဆိုသူတချို့ကလည်း သူတို့လုပ်ပိုင်ခွင့် သူတို့ပါးစပ်ထဲက ဥပဒေနဲ့ အများပြည်သူအပေါ် ငဲ့ညှာထောက်ထားခြင်း မရှိ လုပ်ဆောင်နေတာတွေကို ခံစားရတဲ့ပြည်သူတွေမှာ ရင်ဖွင့်ချင်နေရှာမှာပေါ့။ ကျွန်တော့်ကို တွေ့လို့ ဒီစကားတွေ ပြောပြလိုက်ရတဲ့အခါ သူတို့ရင်ထဲ နည်းနည်းတော့ ပေါ့သွားမှာပေါ့လေ။ ကိုယ်လည်း ဘာမှ လုပ်ပေးနိုင်တဲ့သူ မဟုတ်ပါဘူး။

ပြင်ဦးလွင်မြို့မှာ ယခင်က အိမ်ကို တံခါးပိတ်မထားလည်း သူခိုးဆိုတာ မရှိဘူး။ အခုတော့ လူစိမ်းတွေ များလာတယ်။ ခြံစည်းရိုးကျော်ဝင်ပြီး ခိုးတာတွေ အထိ ရှိလာပြီဆိုတဲ့ အခြေအနေကိုလည်း ပြောပြပါတယ်။ ဒါကတော့ ဘေးပတ်ဝန်းကျင်မှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ရှိနေတာနဲ့လည်း ဆက်စပ်လိမ့်မယ်လို့ ယူဆရပါတယ်။ နောင်ချို၊ သပိတ်ကျင်း၊ မတ္တရာအစရှိသော မြို့နယ်တွေမှာ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေရတယ်။ အကြမ်းဖက်သမားတွေ ထွက်ပြေးလာပြီး ခိုး၊ဆိုး၊လု၊ယက် လုပ်နေတာလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဆရာတော်များကို အာရုံဆွမ်းကပ်ပြီးတဲ့အခါ ကိုယ်တွေလည်း မနက်စာစားကြတယ်။ ပြီးတော့ ဒေသခံတွေ လိုက်လံပြသတဲ့ ကွက်စိတ်များကို လိုက်လံကြည့်ရှုဖြစ်ပါတယ်။ စိုက်ပျိုးမြေများမှာ ကွက်စိတ်များရိုက်ရောင်းနေမှုအခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် က မေးမြန်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားပေးထားတဲ့ အဖြေဟာ ပြည့်စုံကောင်းမွန်လှပါတယ်။

(၁၀-၇-၂၀၂၅)ရက်နေ့က ဖြေကြားထားတဲ့ အဖြေမှာဆိုရင် -

ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက်ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များ၏ ကွင်းဆင်းစစ်ဆေးတင်ပြခြင်းအပေါ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၏ဦးဆောင်မှုဖြင့် (၄-၇-၂၀၂၅)နေ့အထိ ခြံစည်းရိုးအုတ်တံတိုင်းခတ်ကာရံခြင်း၊ ကျောက်တိုင်စိုက်ထား ခြင်းများအတွက် ကျူးကျော်အသုံးပြုသူ စုစုပေါင်း(၄၆၅)ဦး၊ အဆောက်အဦး(၂၀)လုံး၊ အကွက်ပေါင်း (၁၀၆၉)ကွက်အား ဖယ်ရှားရှင်းလင်းပြီး နေအိမ်ဆောက်လုပ်အသုံးပြုထားသော ကျူးလွန်သူ လူပုဂ္ဂိုလ် (၅၉၀)ဦးအား တားမြစ်စာများထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကျူးလွန်သူ (၅၉၀)ဦးအနက် လူ ပုဂ္ဂိုလ်(၂၁၈)ဦးအား ရုံးအမိန့်များထုတ်ပြန်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့်အညီ တရားစွဲဆို ဆောင်ရွက်လျက်ရှိရာ ပုံစံ(၇)ရရှိပြီး ကျူးလွန်သူများကို တရားရုံးသို့ ဦးတိုက် တရားစွဲဆိုဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ ပုံစံ(၇)မရှိဘဲ ကျူးလွန်သူများကို ရဲစခန်းမှတစ်ဆင့် အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာ အမှုပေါင်း(၈၀)ဦးအား တရားစွဲဆိုခဲ့ပြီး (၇၃)ဦးမှာ အမိန့်ချမှတ် ခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ မြို့နယ်ရဲစခန်းတွင် တရားစွဲဆိုရန် ပေးပို့ထားသော လူပုဂ္ဂိုလ်(၁၃၈)ဦးအား အသီးသီးတရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိပါတယ်။

ဆက်လက်၍ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုချက်မရရှိမှီ ကျူးလွန် အသုံးပြုမှုများအား တွေ့ရှိပါက အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာမြေ များပေါ်တွင် ကျူးလွန်ဆောင်ရွက်ထားမှုများအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အရေးယူ ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် မြို့နယ်တွင် ယခင်က အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊ (၂၀၂၄) ဒီဇင်ဘာလတွင် အဖွဲ့(၅)ဖွဲ့ ပြင်ဆင်ဖွဲ့စည်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင်အကွက်ရိုက်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများအတွက် ကွင်းဆင်းစစ်ဆေးဖယ်ရှားရှင်းခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းဖယ်ရှားဆောင် ရွက်မှုများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း အထက်ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားအပ်ပါတယ် ဆိုပြီး ဖြေကြားထားခြင်း ဖြစ်ပါတယ်။

ဆိုတော့ (၁၉-၇-၂၀၂၅) ရက်နေ့ အာဇာနည်နေ့မှာ မှတ်တမ်းတင်ခဲ့တဲ့ မျက်မြင်တွေ့ရှိရတဲ့ အခြေအနေများကို တင်ပြရမယ်ဆိုရင် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကွင်းမှာ စိုက်ပျိုးမြေများ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ခင်မေမြင့်နှင့် တောင်သူတချို့က စိုက်ပျိုးမြေများ ပြန်လည်ပေးအပ်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကို အကြိမ်ကြိမ်တင်ပြခဲ့ကြတယ်။ ၂-၇-၂၀၂၅ ရက်နေ့က ဒေါ်ခင်မေမြင့်ရဲ့ ထွက်ဆိုချက်ကိုယူပြီး မြေပြင်ကွင်းဆင်း မှတ်တမ်းယူသွားတာလည်း ရှိတယ်။ ရေငယ်ကွင်းမှာ စိုက်ပျိုးမြေများပေါ်တွင် ကွက်စိတ်များ ရိုက်ရောင်းထားမှု အခြေအနေ၊ ဖြိုဖျက်ထားမှု အခြေအနေကို အခုလို မြင်တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်အရ ကွက်စိတ်တွေကို ဖျက်တော့ ဖျက်ပါတယ်။ ဖျက်ပြီးတဲ့အခါမှာ စည်းရိုးမပျက် ဖျက်ထားတဲ့ အုတ်ကျိုးများနဲ့ပဲ ပြန်ပြီး ကာရံထားတာကို မြင်တွေ့ရပါတယ်။ အများစုကတော့ လုံးဝဖျက်ဆီးခြင်း မရှိပါဘူး။ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ကို အလေးထားသည့်အနေဖြင့် အနေဖြင့် အဖျက်ပြထားသလို ကိုယ်ကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အုတ်ကျိုးများနဲ့ပဲ ခြံနယ်နိမိတ်မပျက်ရအောင် ပြန်လည်ကာရံထားပုံကို မြင်ရတာက အသက်ပါပဲ။ 

ရေငယ်ကွင်းက စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး ဦးဆောင်လှုပ်ရှားနေတဲ့ ဒေါ်ခင်မေမြင့်က "ဖျက်ပြီး အခုပြန်စီနေပြီ။ လက်တွေ့ပြတာ။ ကျွန်မတို့ကိုပဲ နှိပ်ကွပ်နေတယ်။ ကျွန်မတို့က အကွက်ရိုက်စားတဲ့လူလည်း မဟုတ်ဘူး။ အကွက်ရိုက်ရောင်းတဲ့သူလည်း မဟုတ်ဘူး။" လို့ ပြောပါတယ်။ လုံးဝမဖျက်တဲ့ ခြံကွက်ကို ပြသပြီး ဒေါ်ခင်မေမြင့်က "ဒီဘက်က လုံးဝမဖျက်တာ၊ ၂ ရက်နေ့က ကျွန်မကို မြို့နယ်မြေစာရင်းရုံးကို ခေါ်တယ်။ ထွက်ဆိုချက်တွေ ပေးရတယ်။ လုံးဝမဖျက်ဘူး။ လက်တွေ့ပြတာ။" လို့ ဆိုပါတယ်။ သိန်း(၅၀၀၀)နဲ့ အရောင်းတင်နေတဲ့ ခမ်းနားထည်ဝါတဲ့ တိုက်ကြီးကိုလည်း လက်ညှိုးထိုးပြပါသေးတယ်။ (ရေငယ်ကွင်းအခြေအနေ ပုံ-၁၊ ပုံ -၂၊ ပုံ-၃၊ ပုံ-၄၊ ပုံ-၅)






ရေငယ်ကွင်း၊ ပဒုမ္မာလမ်းလို့ သတ်မှတ်ထားတဲ့ လမ်းပေါ်က ကွက်စိတ်များမှာ အခိုင်အမာ ရပ်တည်လျက်ရှိပြီး အိမ်ကြီး၊ အိမ်ကောင်းများ ဆောက်လုပ်နေဆဲ့ ဖြစ်တဲ့အကြောင်းကိုလည်း လိုက်လံပြသကြပါတယ်။ (ပုံ-၆၊ ပုံ-၇)




စာရေးသူအနေနဲ့က တစ်ခုတည်းကိုသာ မှတ်တမ်းတင်ရိုက်ကူးလာရင် ပြင်ဦးလွင်က ကွက်စိတ်ဆရာများက ကျွန်တော့်အပေါ် မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်ဘဲ လုပ်ဆောင်နေတယ်လို့ အထင်မှားနိုင်တဲ့အတွက် အခြားသော ကွက်စိတ်ရှိသည့် နေရာများကိုလည်း လိုက်ပါမှတ်တမ်းယူခဲ့ပါတယ်။ 

ဒေသခံတွေရဲ့ လိုက်လံပြသမှုအရ ထုံးဘိုအဓိပတိအိမ်ယာအခိုင်အမာ ရပ်တည်ဆဲ ခြံကွက်များတွေ့ရသလို နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်အရ ဖျက်နေတာတချို့ကိုလည်း တွေ့ရပါတယ်။ နေရာအများစုကတော့ ခြံကွက် ဝယ်ယူထားပြီး နေအိမ်ဆောက်လုပ်ခြင်းလည်းမရှိ၊ စိုက်ပျိုးရေးလည်းမလုပ်၊ နေကြာရိုင်းများ တောထနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ( ပုံ-၉၊ )


အဲဒီကနေမှ ပွဲကောက်ရေတံခွန်ရဲ့ အနောက်ဘက် ပင်လိန်ရွာဘက်ကို သွားတဲ့အချိန်မှာ ဒေသခံတွေ ပြတာက ကော်ဖီခြံ ဧက(၂၀၀) အဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ လမ်းထိုး၊ ကွက်စိပ်ဖော်ရောင်းထားတာ တရုတ်ရွာလို့တောင် အမည်တွင်နေပါပြီတဲ့။ (ပုံ-၁၀၊ ပုံ-၁၁)



ပင်လိန်ရွာရဲ့ ပတ်ဝန်းကျင်မှာ ကွက်စိတ်တွေကတော့ မျက်စိတဆုံး ရှုမငြီးဖွယ် ရှိလို့နေပါတယ်။ တချို့နေရာများမှာ အဖျက်ပြထားတာကို တွေ့ရပါတယ်။ တချို့နေရာများမှာ ခြံစည်းရိုးတိုင်ရှည်နဲ့ အကွက်ရိုက်ခြင်းမျိုး မဟုတ်တော့ဘဲ တိုင်တိုများနဲ့ အကွက်ရိုက်တဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးလာတဲ့ အခြေအနေကိုလည်း ဒေသခံများ ပြသလို့ မြင်တွေ့ခဲ့ရပါတယ်။ လုံးဝ အဖျက်မပြတဲ့ ကွက်စိတ်တွေကိုလည်း တွေ့မြင်ရပါတယ်။ (ပုံ-၁၂၊ ပုံ-၁၃၊ ပုံ -၁၄၊ ပုံ -၁၅)





ဘယ်လို ကွာခြားသလဲဆိုတာကို ဒေသခံများရဲ့ အမြင်ကို မေးမြန်းကြည့်တဲ့အခါ (လက်တလော ရိုက်ထားတဲ့ အကွက်တွေက ငွေယူထားတာ မကြာသေးတော့ ဖျက်လို့မရဘူး။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ရိုက်ခဲ့တဲ့ ကွက်တွေကြတော့ ငွေယူထားတာကြာပြီ။ မျက်နှာ နာစရာမရှိတော့ အဲဒါတွေကို အဖျက်ပြပေးတယ်) လို့ ဒေသခံများရဲ့ အမြင်ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ခန့်က ရိုက်ခဲ့တဲ့ အကွက်တွေမှာလည်း လူနေထိုင်ခြင်းမရှိ၊ စိုက်ပျိုးရေးလုပ်ငန်းလည်း လုပ်တဲ့အခါကြတော့ နေကြာရိုင်းတောများပဲ ရှိနေပါတယ်။ တချို့သော ကွက်စိတ်ရိုက်ရောင်းထားသူများက လူနေထိုင်ခွင့်ကြဖို့၊ အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ သို့သော် အခြားနည်းသုံးစွဲခွင့် မရသေးမီမှာပဲ အကွက်တွေက ရောင်းထားပြီးသား၊ လူနေထိုင်တာတချို့ ရှိသလို၊ နေကြာရိုင်းများ မွေးမြူပေးထားတာကိုလည်း တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ လုံးဝမဖျက်တဲ့ ကွက်စိပ်တွေကတော့ နယ်နယ်ရရ ပုဂ္ဂိုလ်တွေ မဟုတ်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ ကွက်စိပ်တွေ ဖြစ်တာကို သိရပါတယ်။ စာရေးသူအနေနဲ့လည်း အမည်များနဲ့တကွ မဖော်ပြဝံ့ပါဘူး။




ကွက်စိပ်များ ရှိနေတဲ့ နေရာတိုင်းကိုလည်း ကျွန်တော့်အနေနဲ့တော့ မသွားနိုင်ခဲ့ပါဘူး။ အင်မတန်များလွန်းလို့ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေနဲ့ စေ့ငစုံလင်စွာ လေ့လာကြည့်မယ်ဆိုရင် ပင်လိန်၊ မိုးကြိုး၊ ပွဲကောက်၊ ကုန်းဘော၊ ထုံးဘို၊ ထုံးကုန်း၊ ရေသရောက်ကုန်း၊ မှိုင်းလုံး၊ အနီးစခန်း၊ ဖောင်းတော၊ လက်ပံကုန်း၊ ဆင်လမ်း၊ အောင်ချမ်းသာ၊ ပြင်စာ၊ မြို့ရှောင်လမ်းအပြင်ဘက်၊ ကြီးကိုင်၊ အင်းယား၊ သပြေရေ၊ နောင်လှိုင် အစရှိတဲ့နေရာတွေမှာ ကွက်စိပ်များ ပေါများလှကြောင်း မေးမြန်းစုံစမ်းချက်အရ သိရပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာတွေလည်း ရှိနိုင်ပါတယ်။ စိုက်ပျိုးမြေများကို ခွင့်ပြုချက်မရမီ ကွက်စိပ်ရိုက်ရောင်းထားသည်များလည်း ရှိကြောင်း သိစေလိုခြင်း ဖြစ်ပါတယ်။

အထူးအားဖြင့် မုံရွာဘက်ကနေ ပြေးလာတဲ့ PDF နဲ့ ဆက်စပ်သူတွေ၊ CDM လုပ်ပြီး ငွေကြေးအမြောက်အများ ရထားသူတွေကလည်း ပြင်ဦးလွင်ဘက်မှာ မြေတွေလာဝယ်ပြီး ကွက်စိပ်ရိုက်ရောင်းကာ ငွေဖြူအဖြစ် ဖန်တီးနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက သိရှိလေ့လာထားတဲ့ အချက်အလက်တွေကို ပြောပြပါတယ်။ နာမည်ကြီး ရွှေဆိုင်တချို့ မြေပြင်အခြေအနေမှာ ဖြိုဖျက်ပြီး ကွက်စိပ်တွေကိုတောင် လိုင်းပေါ်မှာ ရောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီရွှေဆိုင်ကြီးတွေအနေနဲ့က သူတို့မှာ ပေးရကမ်းရတတွေလည်း ရှိပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို လက်ဆောင်ပေးတဲ့အခါ စိန်တွေ၊ ရွှေတွေ ခန့်ခန့်ထည်ထည်ကြီးတွေ လက်ဆောင်ပေးခဲ့တာကို မြို့ခံတွေက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ထောက်ပြပြောဆိုပါတယ်။

ကွက်စိပ်တွေနဲ့ ပတ်သက်နေတဲ့ အုပ်ကြီးတချို့ကိုတော့ (၂)ကျပ်စား အုပ်ကြီးလို့ ဒေသခံများက သတ်မှတ်ထားပါတယ်။ ကွက်စိပ်တွေ ရိုင်းတဲ့အခါတိုင်းမှာ သူတို့က (၂)ရာခိုင်နှုန်း ရယူကြလို့ပဲ ဖြစ်ပါတယ်။ တိုင်တိုများနဲ့ အကွက်ရိုက်ဖို့ အကြံပြုတာကလည်း ရွှေဉာဏ်တော်စူးရောက်တဲ့ အုပ်ကြီးတစ်ဦးရဲ့ အကြံပြုချက်လို့ သိရပါတယ်။ 

ပင်လိန်ကျေးရွာအုပ်စုရှိ လယ်ယာမြေများနဲ့ ပတ်သက်လို့ မြန်မာနေရှင်နယ်ပို့စ်ရဲ့ မေးမြန်းချက်အပေါ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဖြေကြားချက်မှာ "ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန် ကြီးကြပ်မှုများဖြင့် မြို့နယ်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ မြေပြင် ကွင်းဆင်းစစ်ဆေး တားမြစ်ဆောင်ရွက်ခဲ့ပြီး၊ အကွက်ရိုက်ထားမှုများအား ဖယ်ရှားရှင်းလင်းဆောင် ရွက်လျက်ရှိပါတယ်။ ပင်လိန်ကျေးရွာအုပ်စုအတွင်း လယ်ယာမြေများအား အကွက်ရိုက်ထားမှုများကို ရှင်းလင်းဆောင်ရွက်မှုအနေဖြင့် တင်ပြစာပါမြေနေရာအတွင်းမှ စုစုပေါင်းအကွက်(၁၄၀)ခန့်ကို ဖယ်ရှား ရှင်းလင်းပြီး အဆောက်အဦများအား စာရင်းကောက်ယူ၍ လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။" လို့ ဖြေကြားထားပါတယ်။

ဖြည့်စွက်အနေနဲ့ တင်ပြရရင် ပုံစံ(၁၀၅)ရဖို့၊ မြေလွတ်/ မြေလပ်လျှောက်ထားရာမှာ ကြုံတွေ့ရသည့် အခက်အခဲနှင့် ငွေကြေးပြဿနာများ၊ နိုင်ငံဝန်ထမ်းများက ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများရဲ့ လက်ပါးစေ ဖြစ်နေသည့် အခြေအနေများနှင့် ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာကာ ကြီးပွားချမ်းသာလာပြီး လူမှုရေးပြဿနာများ ပေါ်ပေါက်လာသည့် အခြေအနေများအထိ ဒေသခံများက ပြောပြပေမယ့် ထည့်သွင်းတင်ပြဖို့ မလျော်ကန်တဲ့ အချက်အလက်တချို့ကို ကျင့်ဝတ်အရ ထိန်ချန်တယ်လို့ပဲ မှတ်ယူပေးပါ။

ပြင်ဦးလွင်ကို ရောက်ရှိသွားတဲ့အခိုက်အတန့်မှာ တပ်မတော်အရာရှိတချို့၊ တပ်မတော်သားတချို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလည်း ကြားသိခဲ့ရပါတယ်။ ဒါတွေကတော့ ဘယ်လိုမှ ထည့်သွင်းတင်ပြလို့ မဖြစ်တဲ့ အချက်တွေမို့လို့ လုံးဝအများပြည်သူရှေ့ ချပြမှာ မဟုတ်ပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေကြတဲ့ တပ်မတော်အရာရှိ၊ တပ်မတော်သားတိုင်းကို အောင်မြင်မှုတွေသာ ရရှိစေချင်ပါတယ်။ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဖြစ်ဖို့ကိုပဲ မျှော်လင့်ပါတယ်။ စာရေးသူ သိတဲ့အချက်အလက်၊ အကြောင်းအရာတွေကို နိုင်ငံတော်အကြီးအကဲများလည်း သိရှိထားပြီး ဖြစ်နိုင်ပါတယ်။ သိလိုစိတ်နဲ့ လက်တို့ပြီး မေးလာခဲ့ရင်တော့ တင်ပြသင့်သူကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ဆိုတာ အေးချမ်း သာယာ လှပတဲ့ မြို့ဖြစ်ပါတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုနဲ့ မန္တလေး၊ နေပြည်တော်တို့ရဲ့ ရာသီဥတုက လုံးဝခြားနားပါတယ်။ အင်မတန် နေလို့ထိုင်လို့ ကောင်းမွန်တဲ့ ရာသီဥတုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ် က ငွေရှင်ကြေးရှင်များအနေနဲ့ အလွန်အမင်း စိတ်ဝင်စားတဲ့ ဒေသဖြစ်ပါတယ်။ ငွေရှင်ကြေးရှင်တွေရဲ့ စိတ်ဝင်စားမှုကြောင့်ပဲ ကွက်စိပ်ဆရာတွေမှာ အလုပ်ဖြစ်လာကြတယ်ဆိုရင်လည်း မမှားပါဘူး။ စိတ်ဝင်စားမှု မြင့်တက်လာသည်နှင့်အမျှ စိုက်ပျိုးမြေတွေမှာ လမ်းတွေထိုး၊ ကွက်စိတ်တွေဖော်ရောင်းကြတယ်။ လာရောက်ဝယ်ယူထားသူတွေက အဆောက်အဦ ဆောက်ချင်ရင်လည်း ဆောက်မယ်။ ဆောက်ချင်မှလည်း ဆောက်မယ်။ စိုက်ပျိုးမြေအဖြစ် ဝယ်ယူထားခြင်းမဟုတ်တဲ့အတွက် စိုက်ချင်မှလည်း စိုက်မယ်။ ရှင်းချင်မှလည်း ရှင်းမယ်။ ဒါကြောင့် နေကြာရိုင်းတွေ တောထနေတယ်။ စိုက်ပျိုးထုတ်ကုန်တွေ ထွက်နေရမယ့် စိုက်ပျိုးမြေတွေဟာ နိုင်ငံတော်အစိုးရက မျှော်လင့်တဲ့ အခြေအနေမျိုး  စိုက်ပျိုးထွက်ကုန်တွေနဲ့ ဝင်ငွေတိုးပွားလာဖို့ မျှော်လင့်သလို ဖြစ်မလာဘဲ နေကြာရိုင်းများ မင်းမူပြီး အုတ်တံတိုင်းတွေ ဖြိုလိုက်၊ စီလိုက်၊ အဆောက်အဦတွေ ဆက်ဆောက်မလား၊ ရပ်ထားမလား အလုပ်ရှုပ်နေလေရဲ့။ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများမှာလည်း ဝိသမလောဘသားများရဲ့ ခြိမ်းခြောက်ခြင်းကို ခံနေကြရလေသတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။

စာရေးသူအနေနဲ့ မဟာအံ့ထူးကံသာဘုရားကြီးကို ဖူးမျှော်ရင်း တောင်သူတစ်ဦးက ပန်း ၂စီး လက်ဆောင်လာပေးသည့်အတွက် မြတ်စွာဘုရားကို ပန်းကပ်လှူဒါန်းပြီး ပြင်ဦးလွင်မြို့နယ်အတွင်းမှ တောင်သူများ၏ နစ်နာဆုံးရှုံးမှုများ အမြန်ဆုံး ပြေလည်မှုရပါစေ၊ နိုင်ငံတော်အကြီးအကဲများမှ အစထား၍ တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများက ဒေသခံပြည်သူများ၏ ကောင်းကျိုးကို အမှန်တကယ်ရှေးရှုပြီး ကူညီဆောင်ရွက်ပေးနိုင်ကြပါစေလို့သာ ဆန္ဒပြုခဲ့ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)