ရန်ကုန်၊ ဇူလိုင် ၂၆
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၊ “ဘရဏီ” ကျောင်းသူဆောင် နှင့် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် “သမားဂုဏ်ရည်” ကျောင်းသားဆောင်တို့၏ ဖွင့်ပွဲအခမ်းအနားများကို ၂ဝ၂၅-ခုနှစ်၊ ဇူလိုင်လ(၂၆)ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆေးရုံကြီးများ၏ ဆေးရုံအုပ်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် “ဘရဏီဆောင်” ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ရန်ကုန် ပါမောက္ခချုပ်က “ဘရဏီဆောင်”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမှတ်တရမှတ်တမ်း တင်ဓာတ်ပုံများရိုက်ကူးကြပသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာ ရည်ပက်ဖျန်းပြီး အဆောက်အဦသစ်အတွင်း အခန်းများတွင် ပရိဘောဂပစ္စည်းများ ထားရှိမှုကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။ ထို့နောက်ဖွင့်ပွဲအခမ်းအနား ဒုတိယ အစီအစဉ်များကို “ရတုအလင်္ကာ”ခမ်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၂) မှ တာဝန်ရှိသူမှ အဆောက်အဦဆိုင်ရာ မှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
ထို့နောက် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၏ “သမားဂုဏ်ရည်ဆောင်” ဖွင့်ပွဲအခမ်းအနားကို မင်းကျောင်းလမ်း၊ဒဂုံမြို့နယ်တွင် ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးတက္ကသိုလ် (၁)ရန်ကုန် ပါမောက္ခချုပ်က “သမားဂုဏ်ရည်ဆောင်”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သမားဂုဏ်ရည်ဆောင်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်ပက်ဖျန်းပြီး အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်များကို ယာယီခန်းမဆောင်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၂) မှ တာဝန်ရှိသူမှ အဆောက်အဦဆိုင်ရာ မှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက်ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားပြီး ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကျောင်းသူ “ဘရဏီဆောင်” နှင့် “သမားဂုဏ်ရည်ဆောင်” အသစ်ဖွင့်လှစ်ခြင်းအတွက် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်(၁)ရပ်ဖြစ်သည့် “တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” အောင်မြင် အောင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် “လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေး” စတဲ့ရည်မှန်းချက် များချမှတ်၍ ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း (Health Education)၊ ရောဂါကာကွယ် တားဆီးခြင်း(Prevention)နှင့် ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသပေးခြင်း (Medical Care) စတဲ့ နည်းဗျူဟာ(၃)ရပ်ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ပေးခဲ့ရာ ဆေးတက္ကသိုလ်များ၊ ဆေးပညာ နှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ ယနေ့အထိ ဆေးပညာရှင်ဆရာဝန် (၄၉၅၅၃)ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန်(၅၇၄၅)ဦး၊ ဆေးဝါးပညာရှင်(၄၅၀၇)ဦး၊ ဆေးဘက်ဆိုင်ရာပညာရှင် (၄၈၄၅)ဦး၊ သူနာပြုသိပ္ပံနှင့် သူနာပြုသားဖွားဒီပလိုမာ ဘွဲ့ရ(၉၆၄၅၄)ဦး၊ အခြေခံကျန်းမာရေးပညာရှင် (၂၅၈၃)ဦးနှင့် ဘွဲ့လွန် ဆေးပညာရှင်ပေါင်း(၁၇၀၁၆)ဦးကို မွေးထုတ်ပေးပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆောင်သစ်များတိုးချဲ့ ဖွင့်လှစ်ခြင်းဖြင့် တက္ကသိုလ်အင်္ဂါရပ်နှင့်ပိုမိုပြည့်စုံညီညွတ်ပြီး တက္ကသိုလ်တစ်ခု၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (University Ranking) တိုးတက်လာခြင်း၊ ကျောင်းသား/သူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ခြင်း၊ အရည်အချင်းပိုမိုပြည့်ဝသောဆေးပညာရှင်များမွေးထုတ်ပေးနိုင်မည်ဖြစ်ခြင်း စတဲ့အချက်တွေကြောင့် တက္ကသိုလ်ကျောင်းသား/သူအိပ်ဆောင်များ တည်ဆောက်ဖွင့်လှစ်ခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆောင်နေထိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုအလေ့အထကောင်းများ (Team Work)၊ အတုယူသင်ယူ လေ့လာခြင်းအလေ့အထ (Peer Learning)၊ မိမိကိုမိမိနှင့်အဆောင်အပေါ်တာဝန်ယူမှု (Responsibility)၊ အချင်းချင်းအပြန်အလှန်ကူညီစောင့်ရှောက်မှု စတဲ့အလေ့အထကောင်းတွေကို အတွေ့အကြုံအသစ်များ၊ နိုင်ငံပိုင်/ပြည်သူပိုင်ပစ္စည်းများကို မိမိပစ္စည်းကဲ့သို့ စောင့်ရှောက်တတ်တဲ့ အလေ့အထများနှင့် စည်းကမ်းလိုက်နာတတ်မှုအလေ့အထများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်ပေးနိုင်ခဲ့သည့် “ဘရဏီဆောင်”အဆောင်သည် ကျောင်းသူ (၁၆၈) ဦးနေ ထိုင်နိုင်သည့် အကျယ်စတုရန်းပေ(၂၉၂၂၅) (L Shape) (၄)ထပ်ဆောင်ဖြစ်ပြီး၊ အဆောက်အဦကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နိုင်ငံတော် ဘဏ္ဍာငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၃၃၄) ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ “သမားဂုဏ်ရည်”အဆောင်သည် ကျောင်းသား (၂၅၀) ဦးနေထိုင်နိုင်သော အကျယ်စတုရန်းပေ(၃၆၀၀၀) RC (၅)ထပ်ဆောင်ဖြစ်ပြီး၊ အဆောက်အဦကို ကျပ်သန်း(၂၉၈၀) အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost









No comments:
Post a Comment