ဖနွမ်းပင်၊ ဇူလိုင် ၂၆
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း နိုင်ငံတကာ ပိတ်ပင်ထားသော ကလပ်စ်တာဗုံး (cluster munitions) ကို အသုံးပြုခဲ့သည်ဟု ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးနှင့် နစ်နာသူများအား ကူညီစောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ (CMAA) က ဇူလိုင် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ပြည်နယ်တွင် အသုံးပြုခဲ့သော ကလပ်စ်တာဗုံးများက အရပ်သားပြည်သူများ၊ မိုင်းရှင်းလင်းရေးသမားများနှင့် လူနေရပ်ကွက်အား “တိုက်ရိုက်နှင့် ခွဲခြားမှုမရှိသော” ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ "ဒီလုပ်ရပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အရပ်သားပြည်သူများ နေထိုင်သည့် နယ်စပ်ဒေသ သို့မဟုတ် အနီးနားတွင် ကလပ်စ်တာဗုံးများ အသုံးပြုခြင်းသည် လက်ခံနိုင်ဖွယ် မရှိသော “အရှိန်မြှင့်တင်သည့် အပြုအမူ” ဖြစ်ကြောင်း၊ "လူ့အသက်၊ လူသားချင်း စာနာထောက်ထားမှု အခြေခံမူများနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လုံးဝ လျစ်လျူရှုခြင်းဖြစ်တယ်” ဟု ကမ္ဘောဒီးယား CMAA အကြီးတန်း အရာရှိ Ly Thuch က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးကို အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၅ ရက်၌ ကျင်းပမည်ဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment