နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော်၊ ဇူလိုင် ၂၆

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့က နေပြည်တော်ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ကော်မတီနာယကက ဒစ်ဂျစ်တယ်စီးပွားရေး(Digital Economy)သည် ယခုအခါတွင် ကမ္ဘာ့ GDP ၏ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်း ကျော်အထိ တိုးတက်လာနိုင်သည်ဟု World Economic Forum မှ ခန့်မှန်းထားကြောင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် တိုးတက်မှုကို လျင်မြန်စွာကျော်ဖြတ်နိုင်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုးတက်နိုင်စေသည့် အဓိကအချက်တစ်ခုဖြစ်သည်ဆိုသည့်အချက်မှာ မငြင်း သာကြောင်း။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(Digital Economy Develop-ment Committee – DEDC) ကို ဖွဲ့စည်း ထားပြီး DEDC ကော်မတီအနေဖြင့် “မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းပြမြေပုံသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွား ကြရမည့် ကိစ္စရပ်များအတွက် မဟာဗျူဟာမျှော်မှန်းချက် ၁ ရပ်၊ မဟာဗျူဟာ ရည်မှန်းချက် ၁ ရပ်၊ အဓိကရည်ရွယ်ချက် ၆ ရပ်၊ ဦးစားပေးကဏ္ဍကြီး ၉ ခု၊ မဟာဗျူဟာ မဏ္ဍိုင် ၉ ခု၊ မဟာဗျူဟာပန်းတိုင် ၂၂ ခု၊ လုပ်ငန်းစဉ် ၇၇ ခုတို့ကို ၂၀၃၀ ပြည့် နှစ်အထိ ရည်မှန်း၍ ဖွဲ့စည်းရေးဆွဲထား ခြင်းဖြစ်ကြောင်း။

လက်ရှိတွင် အဆိုပါလုပ်ငန်းစဉ် ၇၇ ခု အနက် DEDC ၏ သက်ဆိုင်ရာလုပ်ငန်း ကော်မတီ (Working Committees) များအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကာလတို၊ ကာလလတ်၊ ကာလရှည် အချိန်ဇယားများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ DEDC အဖွဲ့ဝင်များအားလုံးအနေဖြင့် ကျရာကဏ္ဍစုံမှ တက်ညီလက်ညီဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းသည် မိမိကော်မတီ၏ လုပ်ငန်းပြီးမြောက်ခြင်းအကျိုးအတွက်သာမက အမိမြန်မာနိုင်ငံတော်အတွက် ဒစ်ဂျစ်တယ် စီးပွားရေးအနာဂတ်တစ်ခုကို ဖန်တီးနိုင်စေရန် အရေးပါဆုံးသော အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းစွာတင်ပြပေးကြရန်နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ တာဝန်ယူမှု၊ တာဝန်သိစိတ်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ပုံဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက Living Document အဖြစ် အတည်ပြု ထုတ်ပြန်ထားပြီးဖြစ်သည့် မြန်မာဒစ်ဂျစ် တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအနေဖြင့် သတ်မှတ်ကာလများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းကော်မတီများအလိုက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးစေလိုသည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၅ ခုတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေကို လည်းကောင်း၊ တက်ရောက်လာကြသူ များက ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ DEDC ကော်မတီနာယကက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)