ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းပေါင်း ၃၈၆၈၃ သင်း ဖွဲ့စည်းခဲ့ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းပေါင်း ၃၈၆၈၃ သင်း ဖွဲ့စည်းခဲ့ပြီ


နေပြည်တော်၊ ဇူလိုင် ၆

၂၀၂၅ ခုနှစ်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့သမဝါယမစီးပွားရေးဗဟိုဌာန၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနသည် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ်အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် သမဝါယမအပေါ် စိတ်ဝင်စားသူများအား စည်းရုံးဖွဲ့စည်းခြင်း၊ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်သူများဖြင့်သာ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ သမဝါယမအသင်းပေါင်း ၃၈၆၈၃ သင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်းများအတွက် အထွက်တိုးမျိုးစေ့ ရှာဖွေပေးခြင်း၊ မြေပြုပြင်ရန် သွင်းအားစုထည့်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မွေးမြူရေးကုန်ထုတ်အသင်းများအတွက် မျိုးကောင်းမျိုးသန့်မွေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်အစာဝယ်ယူနိုင်ရေးစီစဉ်ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးလျက်ရှိသည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (Coopeative Accounting Vocational Training Center) များကို မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် ပုသိမ်မြို့များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်ကာဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။       

ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကြွေးကြော်သံဆောင်ပုဒ်ဖြစ်သည့် “Cooperatives: Driving Inclusive and Sustainable Solutions for a Better World” (သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီးကို တည်ဆောက်ကြပါစို့) ဆိုသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံးက သဘောတူ လက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးကြိုးစားအားထုတ်ပြီး တာဝန်ရှိသူများကိုယ်တိုင်က စနစ်တကျကြီးကြပ်ဆောင်ရွက်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနနင့် သမဝါယမအသင်းများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဗဟိုသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြု စကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့မှ ပေးပို့သောသဝဏ်လွှာကို ဗဟိုသမဝါယမ အသင်းလီမိတက်မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ဖတ်ကြား၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်မှု Video Clip ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တိုင်းဦးစီးမှူးများထံ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် သက်တံရောင်စီမံကိန်းစိုက်ပျိုးရေး၊ မွေးမြူရေးထောက်ပံ့ငွေများ၊ စက်ကိရိယာများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ပေးအပ်ကာ သမဝါယမလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)