သထုံ၊ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ ဖွံ့ဖြိုးစေရေး ပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်တိုင်းရင်းဆေးရုံအုပ်ကြီး ဦးဇော်မိုးထွေးက တိုင်းဆေးပညာအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ညီညွတ်မျှတအောင်နေထိုင်ခြင်း နည်းလမ်းများ၊ တိုင်းရင်းဆေးကျမ်းများအရ ကျန်းမာရေးကောင်းသူတစ်ဦး၏ လက္ခဏာများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် စောင့်ထိန်းလိုက်နာသင့်သည့် နေထိုင်စားသောက်ခြင်းများ စသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် သထုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်အိသွယ်မိုး၊ ခရိုင်တိုင်းရင်းဆေးရုံအုပ်ကြီးနှင့် တိုင်းရင်းဆေးပညာရှင်တို့က တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ တာဝန်ရှိသူတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်း ကုသပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment