ရန်ကုန်၊ ဇူလိုင် ၁၉
ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင် နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယနေ့နံနက် ၇နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်း သား/သူများနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူ ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းပြခဲ့ကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှာ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ဘဲဥပုံသဏ္ဌာန် မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ ၂ ဒဿမ ၄၂၃ ဧကရှိသည်။ ၁၉၂၁ ခုနှစ်တွင် အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစု ဥရောပပုံစံ ဖြစ်သည်။ နေအိမ်အဆောက်အဦမှာ ခြံဝင်းအတွင်းရှိသော ၁၈ ပေမြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၌ ဖော်ပြချက်များအရ သိရသည်။
“ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များအနေဖြင့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အထူးပြပွဲကျင်းပမယ့် ရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်လေ့လာတဲ့အခါမှာ ပုံမှန်အထူးပြပွဲမှာ ပြသလေ့ရှိတဲ့ ယာယီပြကွက်များနဲ့ ခေတ်မီ နည်းစနစ်များဖြင့် ပေါင်းစပ်ပြသထားသည့် ပြကွက်များအပြင် ဒီနှစ်မှာထူးထူးခြားခြား တစ်နှစ် ပတ်လုံး လေ့လာကြည့်ရှုနိုင်စေရန်အတွက် Permanent Board ပေါ်မှာ UV Sticker Vinyl များနှင့် အမြဲပြသမှာ ဖြစ်တဲ့အတွက် လာရောက်လေ့လာ ကြည့်ရှုသူများအတွက် အသိပညာဗဟု သုတများရရှိပြီး အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေးကပြောသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့၌ အများပြည်သူကို အမြဲအမှတ်တရရှိစေရန်နှင့် အသိ ပညာဗဟုသုတများ ရရှိကြစေရန် ရည်ရွယ်၍ ပြတိုက်ပိုင်းဆိုင်ရာ ပြကွက်များ ခင်းကျင်းပြသ ရာတွင် ပြကွက်(၃)ကွက်ဖြင့် ခင်းကျင်းပြသထားပြီး ပြကွက်(၁)အဖြစ် ပြတိုက်၏ အတက်လမ်း တွင် နတ်မောက်မှာရှိသည့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၊ ရန်ကုန်မှာရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ့ ခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ ဈာပနအခမ်းအနား၊ ဗိုလ်ချုပ်ကျဆုံးခဲ့သည့် အတွင်းဝန်များရုံး၊ ဗိုလ်ချုပ်ကျဆုံးချိန်၌ ကျန်ရှိခဲ့သောပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ၊ အကြွေစေ့များ၊ တံဆိပ်ခေါင်းများနှင့် ပြတိုက်အတွင်းမှာ ခင်းကျင်းပြသထားသည့် ပြသပစ္စည်းများ စသည်ဖြင့် သမိုင်းအချက်အလက်များပါဝင်သည့် ပြကွက်ပေါင်း(၃၀)ကို All in one board များနှင့် ပြသထားသည်။
ပြကွက်(၂)အဖြစ် ပြတိုက်၏ အထွက်လမ်းမှာတော့ မြန်မာပြည်မြေပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦးပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏မှတ်တမ်းဓာတ်ပုံများ၊ မေယုစစ်သင်္ဘော မှတ် တမ်းဓာတ်ပုံများ၊ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ သွေးသစ္စာဆိုခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်နေအိမ်ထမင်းစားခန်းမှာ အသုံးပြုခဲ့တဲ့အသုံးအဆောင်များ၊ ဗိုလ်ချုပ်အိပ်ခန်းအတွင်းမှာ ရှိသည့် ခရီးဆောင်သားရေသေတ္တာနှင့် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အစား မှတ်တမ်း ဓာတ်ပုံများ၊ ကလေးများအခန်း ဘီရိုအတွင်းမှာရှိသည့် အောင်ဆန်းလင်းဝတ်ဆင်ခဲ့သော အဝတ် အစားမှတ်တမ်းဓာတ်ပုံများ စသည်တို့ကို Permanent Board ပေါ်မှာ UV Sticker Vinyl များနှင့် ပြသထားသည်။
ပြကွက်(၃)မှာတော့ IT နည်းပညာများဖြစ်သည့် Holographic နည်းပညာနှင့် ဖန်တီးပြသ ထားသည့် သမိုင်းဝင် မြန်မာ့ရေတပ် မေယုစစ်သင်္ဘော၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ ဈာပနအခမ်းအနား၊ ဝန်ကြီးများရုံးအတွင်းရှိ ဗိုလ်ချုပ်တို့ နောက်ဆုံးပြုလုပ်ခဲ့သော အစည်းအဝေး ခန်းမ မှတ်တမ်းများ စသည့်ပြကွက်များအပြင် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် ကုတ်အင်္ကျီကို 360 မြင် ကွင်းဖြင့်ပြသထားသည့်ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဘီရိုများအတွင်းရှိပစ္စည်းများကို Offline Web Page ဖြင့် ပြသထားသည့် ပြကွက်နှင့် လူငယ်များအတွက် Quitz ဉာဏ်စမ်းပဟေဠိ ကဏ္ဍကို Touch Screen များနှင့် ပြသသည့်ပြကွက်များကို ဖန်တီးပြသထားသည်။
“ဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ အသုံး အဆောင်တွေသာမကဘဲ ဗိုလ်ချုပ်ရဲ့လေးစားအတုယူဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို သိရှိ လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတများစွာရရှိပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို မရောက်ဖူးတဲ့ လူတွေ ကိုလည်းလာစေချင်ပါတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို မင်္ဂလာဒုံမြို့နယ်မှ လာရောက်လေ့လာသူတစ်ဦးက ဆိုသည်။
ယနေ့ (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အား ယခင်နှစ်တို့ထက် နည်းပညာအစီအစဉ်တို့ကို တိုးမြှင့်ပြသထားပြီး ပြတိုက်အင်္ဂါနှင့် အညီ ပြင်ဆင်ဆောင်ရွက်ထားသည့်အပြင် အထူးပြပွဲ၌ နည်းပညာပြကွက်(Digital Exhibition) တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မေးခွန်း(၂၀)ခုကို ဖြေဆိုခြင်းဖြင့် အမှတ်တရ လက်ဆောင်ခြောက်မျိုးကို လက်ဝယ်အရောက် ချီးမြှင့်ခဲ့ရာ အဆိုပါပြပွဲသို့ ကျောင်းသား/သူများ နှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ အခမဲ့ ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အထူးပင်စည်ကားခဲ့ကြောင်း သတင်း ရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost








No comments:
Post a Comment