နေပြည်တော်၊ ဇူလိုင် ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယမန်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦနှင့်မြေနေရာများအား ကြည့်ရှုစစ် ဆေးပြီး နိုင်ငံပိုင်အဆောက်အဦနှင့် ပစ္စည်းများအား လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ်တကျ ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်စစ်ကိုင်း၌ စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများအားတွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က မန္တလေးငလျင်ကြီးကြောင့် ရပ်တန့်သွားသော စစ်ကိုင်းမြို့၏ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ၏လုပ်ငန်းဆောင်ရွက်မှုများအဆင်ပြေစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးရန် လာရောက်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားတိုးတက်ဝင်ရောက်လာရေးအတွက် သာမက ပြည်တွင်းခရီးသွားတိုးတက်ရေးကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည်ထူထောင်လာရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့ရသော စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် အသိအမှတ်ပြု အင်ဂျင်နီယာများဖြင့် ပြုပြင်မွမ်းမံမှုများဆောင်ရွက်ပြီး ပွင့်လင်းရာသီကာလအတွက် လုပ်ငန်းများလည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များအားတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ကြောင့်ထိခိုက်ပျက်စီးထားသော ပြန်လည် မွမ်းမံပြင်ဆင်လျက်ရှိသည့် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများသို့ သွားရောက် ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန်မှာကြား ပြီးနောက် စစ်ကိုင်းမြို့ပေါ်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment