ရန်ကုန်၊ ဇူလိုင် ၂၉
အင်းလျားကန်ရေပြင်ပေါ် မိုးရေစက်များတဖွဲဖွဲကျနေသည့် နံနက်ခင်းတစ်ခုတွင် တည်ငြိမ်နေသော ရေပြင်ကျယ်အား လှော်တက်များဖြင့် ကူးလူးလှော်ခတ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ချိန်တူး ကမ္ဘာ့အားကစားပွဲ ကျင်းပရန် ဆယ်ရက်ခန့်အလို အချိန်ကာလအတွင်း မြန်မာ့လှေလှော်အသင်းမှာ မရပ်မနား လေ့ကျင့်ပြင်ဆင်လျက်ရှိပေသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ လှေလှော်နှင့် ကနူးလှေအဖွဲ့ချုပ်နေရာတွင် အချိန်ကိုက် တစ်ပြိုင်နက်တည်း လှုပ်ရှားသံများ၊ ကြွေးကြော်သံများ ပဲ့တင်ထပ်လျက်ရှိသည်။ နည်းပြများကလည်း ကန်ဘောင်များပေါ်မှ ညွှန်ကြားနေသလို အားကစားသမားများကလည်း စည်းချက်ညီညီ၊ အားကြိုးမာန်တက်၊ ပြည့်စုံကောင်းမွန်သော အသင်းအဖွဲ့ညှိနှိုင်းဆောင်ရွက်မှုကို အာရုံစိုက်လျက် လေ့ကျင့်လျက်ရှိကြသည်။
“တရုတ်နိုင်ငံမှာ ကမ္ဘာ့အားကစားပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကျွန်တော် သိပ်ကိုပျော်ရွှင်ရပြီးတော့ ကျေနပ်အားရမှုလည်း ရှိပါတယ်။ အဲဒီမှာလည်း အသင်းကောင်းတွေ အများကြီးရှိတဲ့ အတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်လေ့ကျင့်နေကြပါတယ်” ဟု အသက် ၂၂ နှစ်အရွယ် ကိုပြည့်စုံအောင်က အပြင်းအထန်လေ့ကျင့်မှုအပြီး လှေလှော်ခြင်းကို အနားယူလျက် ပြောခဲ့သည်။
“နည်းပြတွေ ပြောပြတဲ့အတိုင်းပဲ ကျွန်တော် အကောင်းဆုံးလေ့ကျင့်နေပါတယ်။ ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ကပါ။ ကျွန်တော့် ဦးလေးနဲ့ အဒေါ်က နိုင်ငံလက်ရွေးစင်အားကစားသမားတွေဖြစ်တဲ့အတွက် ကျွန်တော်လည်း အားကစားဘက်ကို စိတ်ဝင်စားမှုရှိခဲ့ပါတယ်” ဟု ၎င်းက ဂုဏ်ယူစွာဖြင့် ပြောပြခဲ့သည်။
“ကျွန်တော်တို့ အားကစားက အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ အားကစားနည်းဖြစ်တဲ့အတွက် လေ့ကျင့်နေတဲ့အချိန်အတွင်းမှာလည်း အားကစားစိတ်ဓာတ်နဲ့ပဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်သွားကြရပါတယ်။ ဆုတံဆိပ်တွေနဲ့အတူ မြန်မာနိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲတွေ တိုးတက်လာအောင် မြင့်တင်ပေးချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
“တရုတ်နိုင်ငံမှာက ခေတ်မီအခြေခံအဆောက်အအုံတွေ အများကြီးရှိတယ်လေ။ တရုတ်နိုင်ငံကနေ ကျွန်တော်တို့ လေ့လာသင်ယူရမှာတွေ အများကြီးပဲ။ ကျွန်တော်တို့ အကောင်းဆုံးလေ့ကျင့်နေကြပါတယ်” ဟု ကိုပြည့်စိုးအောင်က ပြောခဲ့သည်။
နောက်ထပ် လှေလှော်အားကစားသမားတစ်ဦး ဖြစ်သော အသက် ၂၁ နှစ်အရွယ် မနွေးအိဖြူက “မျိုးဆက်သစ်အားကစားသမားတစ်ဦးအနေနဲ့ ကျွန်မ သိပ်ပြီးစိတ်လှုပ်ရှားရပါတယ်။ ဒါက ကျွန်မအတွက် ဒုတိယအကြိမ် နိုင်ငံတကာပြိုင်ပွဲတစ်ခုပါ” ဟု နောက်ဆုံးလေ့ကျင့်မှုမှ ရေစိုသွားခဲ့သော ၎င်း၏လှော်တက်ကို အနေအထားပြုပြင်ရင်း အသက်ခပ်ပြင်းပြင်းရှူလျက်ပြောပြခဲ့သည်။
“ပထမအကြိမ်တုန်းက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲကို ကျွန်မ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်မ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကျွန်မတို့ရဲ့ အကြီးဆုံးယှဉ်ပြိုင်ဖက်ကတော့ တရုတ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားပေါ့” ဟု ၎င်းက ဆိုသည်။ ယခုအကြိမ်ပြိုင်ပွဲသည် တရုတ်နိုင်ငံသို့ ၎င်း၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဝါရင့်လှေလှော်အားကစားမယ် မလှလှထွေးသည် လှေလှော်အသင်းတွင် ပါဝင်လာသည်မှာ ၁၁ နှစ်ကျော်ရှိပြီဖြစ်သည်။ ၎င်းအသက် ၁၈ နှစ်အရွယ်၌ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်လာချိန်မှစ၍ နိုင်ငံတကာပွဲစဉ်များစွာ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ “ကျွန်မအဒေါ်တွေကလည်း နိုင်ငံလက်ရွေးစင်အားကစားသမားတွေပဲ” ဟု ၎င်းက ဆိုသည်။
“ကမ္ဘာ့အားကစားပွဲမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရမှာဆိုတော့ ကျွန်မတို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရပါတယ်။ ကျွန်မတို့နည်းပြတွေကလည်း နေ့တိုင်းကို ပံ့ပိုးကူညီပြီး တိုက်တွန်းအားပေးကြပါတယ်။ အဖွဲ့လိုက်ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် အရာရာတိုင်းမှာ စည်းလုံးညီညွတ်မှုရှိရပါတယ်။ ကျွန်မတို့ မညီညွတ်ဘူးဆိုရင် အခြားအဖွဲ့တွေက အလွယ်လေးအနိုင်ယူသွားမှာပေါ့” ဟု မလှလှထွေးက ဖြည့်စွက်ပြောပြခဲ့သည်။
ကမ္ဘာ့အားကစားပွဲတွင် နဂါးလှေပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ပါဝင်မည်ဖြစ်ကာ ပြိုင်ပွဲများအနေဖြင့် မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၂,၀၀၀ ပြိုင်ပွဲများ၌ အဖွဲ့ဝင် ၈ ဦးစီ သို့မဟုတ် ၁၀ ဦးစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
နဂါးလှေလှော်ပြိုင်ပွဲသည် ကမ္ဘာ့အားကစားပွဲတွင် ဖိတ်ခေါ်အားကစားနည်းအဖြစ် သုံးကြိမ် ထည့်သွင်းပြုလုပ်ခဲ့ပြီးဖြစ်ကာ ချိန်တူးအားကစားပွဲတွင်မူ ပထမဆုံးအကြိမ် အပြည့်အဝ ပါဝင်လာမည် ဖြစ်သည်။
တရုတ်နိုင်ငံတွင် မြစ်ဖျားခံစတင်လာခဲ့သော နဂါးလှေပြိုင်ပွဲတွင် နဂါးနှင့်ဆက်စပ်သော အသွင်အပြင်များဖြင့် အလှဆင်ထားသည့် ထူးခြားလှသော လှေများအသုံးပြုကာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ လှေလှော်သမားများသည် လှော်တက်တစ်ခုစီကိုင်လျက် နှစ်ယောက်ယှဉ်ထိုင်ကာ လှေဦးဘက်မျက်နှာမူ၍ လှော်ခတ်ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကမ္ဘာ့အားကစားပွဲမှာ လက်ရည်စစ်ပြိုင်ပွဲ နှစ်ပွဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ တတိယအဆင့်နဲ့ အောင်မြင်ခဲ့ပြီး ၁၂ သင်းမှာ တစ်သင်း အပါအဝင်ဖြစ်ခဲ့ပါတယ်” ဟု အသက် ၅၅ နှစ်အရွယ် နည်းပြ ဦးသိန်းဝင်းက အင်လျားကန်ဘောင်ပေါ်တွင် ပြောကြားခဲ့သည်။
“လက်ရည်စစ်ပြိုင်ပွဲတွေကလည်း လေ့ကျင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေဖြစ်တာမို့လို့ အရှေ့တောင်အာရှက အားကောင်းတဲ့အသင်းတွေနဲ့ ဥရောပက အားအင်ပြည့်ဝတဲ့ အဖွဲ့ဝင်တွေပါဝင်လာကြမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
“ဒီပြိုင်ပွဲက အလွန်ပဲကြံ့ခိုင်ကြတယ်။ အသင်းအားလုံးကလည်း အကောင်းဆုံးရလဒ်တွေကို လိုချင်ကြတယ်လေ။ ကျွန်တော်တို့လည်း အကောင်းဆုံးရလဒ်တွေ လိုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
နည်းပြ ဦးသိန်းဝင်းက နဖူးကို ချွေးသုတ်လျက် ၎င်း၏ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား ပြန်လည်အောက်မေ့ပြောပြခဲ့သည်။ “ဒီပြိုင်ပွဲက နဂါးလှေလှော်အားကစားသမားတွေအတွက် အဆင့်မြင့်မားဆုံး ပြိုင်ပွဲတစ်ခုပါပဲ။ ကျွန်တော်က ၁၉၈၉ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ လှေလှော်အားကစားသမားဖြစ်ခဲ့ပြီးတော့ ၂၀၀၆ ခုနှစ်ကမှ နည်းပြတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
“ပူးတွဲလေ့ကျင့်ခရီးစဉ်တွေအနေနဲ့ တရုတ်နိုင်ငံကို ကျွန်တော်သွားခဲ့တုန်းက တရုတ်အသင်းတွေရဲ့ တစ်နေ့တာ ဘယ်လိုမျိုးလေ့ကျင့်နေတယ်ဆိုတာကို မြင်တွေ့ခဲ့တယ်။ ကျွန်တော်တို့က တစ်နေ့ကို နှစ်ကြိမ် လေ့ကျင့်ပါတယ်။ ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံက အစားအစာတွေလည်း ဆင်တူသလို သူတို့ရဲ့ ယဉ်ကျေးမှုကလည်း ကျွန်တော်တို့နဲ့ နီးစပ်တယ်လို့ ခံစားရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့နဂါးလှေလှော်အားကစား ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခြောက်ဦး၊ အသင်းခေါင်းဆောင် တစ်ဦး၊ မန်နေဂျာ တစ်ဦးနှင့် နည်းပြ နှစ်ဦး ပါဝင်ပြီး ဩဂုတ် ၆ ရက်၌ တရုတ်နိုင်ငံသို့ ထွက်ခွာကြမည်ဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost





No comments:
Post a Comment