ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ





ရန်ကုန်၊ ဇူလိုင် ၆

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓတိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပထမကျော်၊ အဂ္ဂမဟာကျော်၊ အဌကထာပြန်အကျော် သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါဂူ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသတို့ အမှူးပြုသော ပင့်သံဃာ(၁၈)ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တကေလာသက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရား ရှင်ကိုပင့်လျှောက်ကာ ဆရာတော် ဘဒ္ဒန္တ သောဘနက နတ်ဗြဟ္မာများကိုဂါထာပါး၍ ဖိတ်ကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသုမင်္ဂလထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယ၊ စေတိယင်္ဂဏ ပဝရသိရီ မဟာ ဓမ္မဂုရု၊ ပထမကျော်၊ အဂ္ဂမဟာကျော်၊ အဌကထာပြန်အကျော် သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါဂူ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ ပဌာန်းတရား ရွတ်ပွား စိတ်ထားနည်းနှင့် အကျိုးတရားများ နာကြားသည်။

ယင်းနောက် ဆရာတော် ဘဒ္ဒန္တဥတ္တမက ပဌာန်းရွတ်ဖတ်ပူဇော်ရန် ရွတ်ဆိုတိုက်တွန်းပြီး ဆရာတော် နှင့် ပရိသတ်အပေါင်းတို့က မဟာပဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို စုပေါင်းရွတ်ဆိုပူဇော်ကြကာ အလှည့်ကျ ပဌာနဘာဏက သံဃာတော် အရှင်သူမြတ်က မဟာပဌာန်းပါဠိတော်ကို ဆက်လက် ရွတ်ဖတ်ပူဇော်ပြီး အဆိုပါ အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ် ပူဇော်ပွဲကို ဇူလိုင်လ(၄)ရက်နေ့မှ ဇူလိုင်လ(၉) ရက်နေ့အထိ ရွတ်ဖတ်ပူဇော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)