ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်








ပဲခူး၊ ဇူလိုင် ၁၉

တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော် မိုးစပါးစိုက်ဧက(၂၁)သိန်းကျော်အား ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ထုတ်လုပ်ခဲ့သော မျိုးစေ့ချကိရိယာ (Drum Seeder) များအား ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျသည့် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးကို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါးသီးနှံအပါအဝင် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ နိုင်သဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီမှစ၍ အဓိကသီးနှံ(၇)မျိုးဖြစ်သည့် နွေစပါး၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံတို့သည် ပန်းတိုင်အထွက်နှုန်းရရှိထားပြီးဖြစ်ကာ ယခုနှစ်တွင် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နှမ်းသီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိရေး ပေါင်ကြီးတင်စနစ်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တောင်သူများအတွက် စပါးစိုက်ပျိုးမှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် Drum Seeder များဖြင့် စိုက်ပျိုးခြင်းအားဖြင့် လူတစ်ဦးလျှင် တစ်ရက်(၄) ဧကကျော် (၅)ဧကခန့်ပြီးစီးနိုင်ပြီး ပျိုးထောင်စရိတ်၊ ပျိုးနုတ်စရိတ်၊ ပျိုးသယ်စရိတ်၊ ပျိုးချစရိတ်နှင့် ကောက်စိုက်စရိတ်များ လျော့ချနိုင်မှာဖြစ်ကာ မိသားစုဝင်ငွေများလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီအတွက် စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် ပေးအပ်လိုက်သည့် Drum Seeder များကို အကျိုးရှိရှိစနစ်တကျ စံနမူနာပြသုံးစွဲပြီး မိမိတို့နီးစပ်ရာ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါသုံးစွဲနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်နှင့် စပါးသီးနှံအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ပဲခူးရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့မှ ဒေသခံ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ထုတ်လုပ်ခဲ့သော မျိုးစေ့ချကိရိယာ (Drum Seeder) (၁၅၀)လက်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ် ထားသည့် လက်ဆွဲကောက်စိုက်စက်၊ Drum Seeder နှင့် လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးခြင်း၊ အသိပညာပေးခြင်း Video Clip အား ပြသခဲ့ပြီး ဒေသခံတောင်သူတစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်မှုပေါ် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်ကတိပြုစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် တောင်သူများက မျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပဲခူးတိုင်းဒေသကြီးမှ ထပ်မံထုတ်လုပ်ရောင်းချလျက်ရှိသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက် သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)