ကျွန်တော်တို့ ညီအငယ်ဆုံးလေး က အားလုံးထဲမှာ စာအတော်ဆုံးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့တွေ အခြေခံပညာ သူငယ်တန်းကစပြီး အလယ်တန်း၊ အထက်တန်း စာနဲ့ပတ်သက်လို့ ဘာဆုမှ မရခဲ့ဖူးဘူး။ ဘောကန်၊ ဘော်လီဘော၊ ခြင်းခတ် အစရှိသဖြင့် အားကစားမှာတော့ အထိုက်အလျောက် နေရာရခဲ့တယ်။ ငယ်စဉ်ကပါ။ ဘဝဝမ်းရေးအတွက် ရုန်းကန်ပြီး ကျောင်းတက်ဖို့ကိုလည်း ကိုယ့်ဟာကိုယ်ရှာရတဲ့ အခြေအနေမျိုး ဖြစ်လာတော့ အားကစားဆိုတာလည်း မလုပ်နိုင်တော့ပါဘူး။
ညီအငယ်ဆုံးကတော့ သူငယ်တန်းကစပြီး အတန်းစဉ်ဆိုသလို စာနဲ့ပတ်သက်လို့ နှစ်စဉ်ဆုတွေ ရခဲ့တယ်။ အတန်းထဲမှာ သူ့ထက်သာသူ ၂ယောက်၊ ၃ယောက်ဆိုတာ အများဆုံးပဲ။ သူကလည်း ၁၀တန်း တက်ရမယ့်နှစ်မှာ ရောယောင်ပေါကြောင် ပြည်ပြေး ဝရမ်းပြေးတွေက ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်တာကို နားယောင်ပြီး ကျောင်းမတက်ပါဘူးလုပ်လို့ ကျွန်တော့်မှာ နည်းမျိုးစုံနဲ့ ဖြောင့်ဖျပြောဆိုခဲ့ရတယ်။
ဒါလေးတွေကတော့ အမှတ်တရဆိုလည်း ဟုတ်ရဲ့၊ သင်ခန်းစာဆိုလည်း မမှားပါဘူး။ ဒါကြောင့်ထည့်ပြောတာပါ။ နစကအစိုးရလက်ထက် ပထမဆုံးကျောင်းပြန်ဖွင့်တဲ့နှစ်မှာသာ ညီငယ်လေး ကျောင်းတက်ခဲ့မယ်ဆိုရင် အခုဆို တက္ကသိုလ်တစ်ခုခုကို ရောက်နေလောက်ပြီ။ အဲဒီနှစ်မှာ သူက ကျောင်းမတက်ဘူးဆိုလို့ ကျွန်တော် သူ့ကို ဆွေးနွေးပြောဆိုခဲ့တာလေးတွေကို အမှတ်တရ ပြန်ပြောရရင် "ညီလေး ငါတို့ အမေက ၄တန်းပဲ အောင်တယ်ကွ၊ ဒါပေမယ့် သူမွေးထားတဲ့ သားတွေကို ပညာတတ်လေးတွေ ဖြစ်စေချင်တာ။ ငါတို့ အမေက စီးပွားရေးအမွေမပေးနိုင်တဲ့အတွက် ပညာအမွေရအောင်ပေးမယ်ဆိုပြီး မိန်းမသားတန်ပေမယ့် ယေက်ျားသားတွေနဲ့ တန်းတူ ရင်ဘောင်တန်း အလုပ် လုပ်ပြီး ငါတို့ကို ကျောင်းထားခဲ့တာ။ ရွာမှာ ကိုလတ်တို့နဲ့ တတန်းတည်း အရွယ်တူတွေ တစ်ယောက်မှ ၉တန်း၊ ၁၀တန်း၊ တက္ကသိုလ် ရောက်တဲ့သူဆိုတာ မရှိဘူး။ ငါတစ်ယောက်တည်းပဲ။ ရွာမှာက ပညာရေးကို ဘယ်လောက်တောင် အားနည်းသလဲဆိုရင် ၄တန်းအောင်ပြီးထွက်၊ ကျွဲကျောင်း၊ ဘဲကျောင်း အလုပ် လုပ်ကြရတာ။ ကိုလတ် တို့ မလုပ်ခဲ့ရဘူး။ ရွာမှာ လယ်ရှင်၊ ယာရှင် ပြည့်စုံတဲ့သူတွေတောင် သူတို့သားသမီးတွေကို ၇တန်း၊ ၈တန်း အပြင် ပိုမထားဘူးကွာ။ အမေက ငါတို့၊ မင်းတို့ကို ပညာတတ် ဖြစ်စေချင်တာ။ လူ့လောကအလယ်မှာ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး သက်သက်သာသာ ဖြတ်သန်းစေချင်တာပေါ့ကွာ။ မင်းက အမေ့ဆန္ဒကို အလေးထားမှာလား၊ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားတွေကို အလေးထားမှာလား။ အမေဖြစ်စေချင်တဲ့ဆန္ဒအတိုင်း မင်းလုပ်မှာလား၊ ပြည်ပြေးဝရမ်းပြေးတွေ ပြောတာကို လိုက်လုပ်မှာလား။ အဲဒီ ပြည်ပြေး ဝရမ်းပြေးတွေက မင်းတို့ကိုသာ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ ပြောနေတာ။ သူတို့ကိုယ်တိုင်က တပ်မတော်အစိုးရလက်ထက်မှာ ကျောင်းတက်ပြီး ဘွဲ့ရခဲ့တဲ့ ကောင်တွေ၊ ကောင်မတွေချည်းပဲ။ သူတို့ကိုယ်တိုင်က တပ်မတော်အစိုးရလက်ထက်မှာ ကျောင်းတက်ခဲ့ပြီး မင်းတို့ကို ကြမှ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုတဲ့စကားဟာ ရိုးသားသလား။ နောက်တစ်ချက် ထပ်ပြောအုံးမယ်။ တပ်မတော် အရာရှိတွေထဲမှာ သူတို့ပြောသလို ပညာမတတ်တဲ့သူဆိုတာ မရှိဘူး။ အားလုံး ဆယ်တန်းအောင်မှ စစ်တက္ကသိုလ်တပ်ရတာ၊ စစ်တက္ကသိုလ်ဆိုတာက အပြင်တက္ကသိုလ်တွေထက် စည်းကမ်းတင်းကြပ်တယ်၊ စာသင်ပေးရုံသက်သက်မဟုတ်ဘူး။ စည်ကမ်းကိုပါ သင်ပေးတဲ့နေရာမှာ ပညာသင်ယူခဲ့ကြသူတွေ ဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ယှဉ်ချင်ရင် သူတို့လို ပညာတတ်ဖို့တော့ လိုတာပေါ့။ အဲဒီ ပြည်ပြေး ဝရမ်းပြေးတွေက မင်းတို့ကိုတော့ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ ပြောပြီး သူတို့သားသမီးတွေကိုတော့ နိုင်ငံခြားမှာ ကျောင်းထားတယ်ကွာ။ မင်းစဉ်းစားကြည့်ပါအုံး" စသည်အားဖြင့် ကျွန်တော် ဆွေးနွေးပြောဆိုသော်လည်း ညီငယ်က ကျောင်းမတက်ခဲ့လို့ တစ်နှစ် နစ်နာခဲ့ရပါတယ်။
ကျွန်တော် နေပြည်တော်ကို ပြောင်းရွှေ့လာပြီးနောက် ညီငယ်ကို ကျောင်းတက်ဖို့ မျက်နှာချင်းဆိုင် ထိပ်တိုက် ဆွေးနွေးပြောဆိုရပါတယ်။ အဲဒီတော့မှ ကျောင်းပြန်တက်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ညီငယ် ကျောင်းပြန်တက်တဲ့နှစ်မှာပဲ KG+12 စနစ် က အသက်ဝင်ပြီတဲ့။ သွားပြန်ပြီ။ နစ်နာရပြန်ပြီ။ ဒီစနစ်က ဒေါ်စုအစိုးရလက်ထက်မှာ အသက်သွင်းဖို့ စီစဉ်ထားတဲ့စနစ်၊ ဒါကို နစကအစိုးရ က အသက်သွင်းပေးခဲ့တယ်။ ကျွန်တော်တို့မှာ တခြားနည်းလမ်းလည်း မရှိဘူးဗျာ။ ဒီစနစ်ကို ဆန့်ကျင်ဖို့ ဆိုရာမှာလည်း ပြည်သူတွေမှာ အကြမ်းဖက်သမားကို ကြောက်ရတာတမျိုး၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူဆိုတဲ့အထဲ က ဖရဲသီးတွေကို ကြောက်ရတာတမျိုး၊ ဘေးကြပ် နံကြပ်အခြေအနေမှာ ဒီစနစ်ကို ဆန့်ကျင်ပါတယ်လို့ ဘယ်သူမှ အသံမထွက်ရဲဘူး။ ကျောင်းသားမိဘ (၁၀၀) ကို မေးကြည့်၊ ၉၉ ယောက်က (၁၂)တန်း စနစ်ကို မကြိုက်ဘူး။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး။ ဘာမှလည်း မပြောရဲကြဘူး။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲသူတွေအလိုတော်အတိုင်း လိုက်ပါလုပ်ဆောင်ကြရတာပဲ ဖြစ်ပါတယ်။ ဒီစနစ်နဲ့ ပြည်သူလူထုရဲ့ အခြေအနေ မကိုက်ညီဘူးဆိုတာကို သူတို့ သိကောင်း သိလိမ့်မယ်။ သို့သော် ပုဂ္ဂလိကျောင်းတွေ အကျိုးစီးပွားအတွက် ဒီစနစ်က ကောင်းတယ်။ ပညာရေးဆိုင်ရာ စီမံသူတွေက စီးပွားရေးအမြင်ကျယ်ပုံရပါတယ်။ ယခင်က ဆယ်တန်းစနစ်မှာဆိုရင် ပုဂ္ဂလိကကျောင်းတွေမှာ ၉တန်း၊ ၁၀တန်း ၂နှစ်လောက် ထားရုံနဲ့ ပြီးပြတ်တယ်။ အခုတော့ တစ်နှစ်ကို သိန်း(၅၀)ကနေ သိန်းပေါင်းရာချီပြီး ၄နှစ်လောက် ဂုပ်သွေးစုပ်နိုင်တယ်။ (ပုဂ္ဂလိကကျောင်းများနဲ့ အစိုးရကျောင်းများအပေါ် အမြင်ကို သီးခြားဆောင်းပါး ရေးသားဖော်ပြပါမည်)
ကျွန်တော်တို့တွေမှာက သိန်းရာချီမပြောနဲ့ ဆယ်ချီပြီးတော့ကို ပြောနိုင်တဲ့ အခြေအနေမျိုး မရှိဘူး။ ဒါကြောင့် အစိုးရကျောင်းပဲ အဓိက အားကိုးရပါတယ်။ အစိုးရကျောင်းများမှာလည်း တချို့ကျောင်းများက ကျူရှင်ကို အလေးပေးလွန်းတယ်။ ကျောင်းမှာ စာမသင်ဘဲ ကျူရှင်ရောက်မှ သင်မယ်ဆိုတာမျိုးလည်း ကျွန်တော် ဆယ်တန်းနှစ်မှာ ကြုံခဲ့ရဖူးတယ်။ ကျွန်တော် ၉တန်း၊ ၁၀တန်း တက်စဉ်ကလည်း ကျူရှင်ဆိုတာကို မစဉ်းစားနိုင်ခဲ့ပါဘူး။ ၁၀တန်း နှစ်မှာ ကျောင်းထားပေးတဲ့ ဆရာမ က စီစဉ်ပေးလို့သာ အနီးကပ် ကျူရှင်တွေ ဘာတွေ တက်ခဲ့ဖူးတယ်။
ကျွန်တော် ညီငယ်လေးကိုလည်း ကျောင်းသာ ပြန်တက်ခိုင်းတာ။ ကျွန်တော် ကျူရှင်တက်ဖို့ ဘာညာ ဘာမှ မစီစဉ်ပေးခဲ့ဘူး။ သူလည်း ၁၂တန်းမှာ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ မေတ္တာ စေတနာနဲ့ အချိန်ပိုသင်ကြားပေးတာကို တက်ပြီး အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ဆရာ၊ ဆရာမတွေက သူ့ကို ဂုဏ်ထူး (၃)ဘာသာလောက် အနည်းဆုံးပါဖို့ မျှော်မှန်းထားကြတယ်။ သူတော်တာကို ကြွားလုံးထုတ်ပြီး ရေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကျောင်းတက်ခဲ့တဲ့ တလျောက် အပေါင်းအသင်း သူငယ်ချင်းကို စာပြန်မရှင်းပြနိုင်ဘူး။ ညီငယ် က သူကိုယ်တိုင်လည်း စာလုပ်သလို သူငယ်ချင်းတွေပါ စာပြန်ရှင်းပြနိုင်တယ်။ သူ့ကို အကြီးကြီး မျှော်မှန်းချင်ပေမယ့် ကိုယ်က အကြီးကြီး လုပ်မပေးနိုင်တဲ့အခါကြတော့ အကြီးကြီး မျှော်လင့်မထားပါဘူး။ တက္ကသိုလ်ဝင်တန်းအောင် ဘွဲ့လေးတစ်ခုရ၊ သူ့ဘဝ ရပ်တည်ရေးအဆင်ပြေပါစေဆိုတာလောက်ပါပဲ။ ၂၀၂၅ ပညာသင်နှစ်မှာ ညီငယ် တက္ကသိုလ်ဝင်တန်းအောင်တယ်။ ဂုဏ်ထူး (၁)ဘာသာ ပါတယ်။ အမှတ်စာရင်းကိုလည်း တွေ့ရပါပြီ။ ဒါပေမယ့် နစ်နာပါတယ်။
ဘာကြောင့် နစ်နာသလဲလို့မေးရင် မန္တလေးငလျင်ဘေးမှာ မန္တလေးရတနာပုံတက္ကသိုလ်မှာထားတဲ့ အဖြေလွှာတွေ မီးလောင်ဆုံးရှုံးတဲ့အထဲ ပါသွားပါတယ်။ ပြန်ဖြေရမယ့်အစီအစဉ်ထွက်လာတော့ စာရေးသူအနေနဲ့ အတော်လေး စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒါက မဖြစ်သင့်ဘူး။ ကျောင်းသားတွေရဲ့ အပြစ်လည်း မဟုတ်ဘူး။ ဒီဖြစ်ရပ်က မရိုးသားဘူးလို့ မြင်မိတယ်။ ဒါကြောင့် ညီငယ် ပြန်ဖြေချင်လည်းဖြေ၊ မဖြေချင်လည်း မဖြေနဲ့တော့ကွာလို့ စိတ်ပျက် လက်ပျက် ပြောမိပါတယ်။ သူ့အသိတရားနဲ့သူ သွားဖြေပါတယ်။ အနီးကပ် သင်ကြားပေးတယ်ဆိုတာကလည်း သွားမတက်နိုင်တော့ပါဘူး။ ပထမစာမေးပွဲကြီး ဖြေပြီးကတည်းက သူ့စာအုပ်တွေ ဘာတွေ ညာတွေ က နောက်တက်လာမယ့် ကျောင်းသားတောင်းလို့ ပေးထားပြီးသား၊ သူ့မှာ စာအုပ်မရှိတော့ဘူး။ ပြန်ဖြေဆိုတော့ နည်းနည်း အလုပ်ရှုပ်သွားတာပေါ့ဗျာ။
ဒီဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို ထုတ်ပယ်လိုက်တာမျိုး သတင်းတွေ တွေ့ရတယ်။ ဘာကြောင့် ထုတ်ပယ်ပါတယ်ဆိုတဲ့ အချက်အလက်တော့ မသိရပါဘူး။ မြန်မာပြည်မှာ ပညာရေးဝန်ထမ်း ယန္တရားက အရမ်းကျယ်ပြန့်တယ်။ ဆရာ/ ဆရာမတွေ ရဲ့ ပညာရေးနယ်ပယ်မှာလည်း အပြောင်းအရွှေ့စပြီး အဂတိတွေ ရှိတာကို ကြားသိခဲ့ရဖူးတယ်။ တခြားသူတွေကိုတော့ မသိလို့ မပြောတတ်ပါဘူး။ ကျွန်တော့်ရဲ့ ဆရာမ ရွှေပြည်သာ ကျောင်းကနေ ရန်ကင်းနဲ့ နီးတဲ့ ကျောင်းကို ပြောင်းဖို့မှာတောင် ပေးရ၊ ကမ်းရ ကုန်ကျရတာတွေ ကြားသိခဲ့ရဖူးပါတယ်။ ၂၀၂၁ ကျောင်းများပြန်ဖွင့်တဲ့ကာလမှာလည်း ဆရာမတွေရဲ့ အပြောင်းအရွှေ့ အခက်အခဲတွေ ဆက်သွယ်ပြောဆိုတာတွေ ကြားသိခဲ့ရပါတယ်။ ဆိုတော့ ပညာရေးမှာ ဂုပ်သွေးစုပ်သူက သက်သက်ရှိနေတာကို သတိပြုရမယ်။ ပညာရေးနယ်ပယ်ဆိုတာ အများပြည်သူ အထူးလေးစားရတဲ့ နယ်ပယ်ဖြစ်တယ်။ ပညာရေးမှာ တာဝန်ရှိသူတွေက အများပြည်သူအပေါ်မှာ စေတနာ မှန်ရဲ့လား၊ ငါတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လုပ်ဆောင်သလို ဖြစ်နေသလား။ ပညာရှိများပီပီ ဆင်ခြင်၊ သတိပြု၊ အဂတိတွေ ရှိရင်လည်း အလွန်အကျူးမဖြစ်ကြဖို့တော့ လိုအပ်ပါတယ်။
ဒါတွေကို ထောက်ပြရေးသား ပြောဆိုခြင်းက ပညာရပ်ပိုင်းဆိုင်ရာတွေကို ပြောဆိုခြင်း မဟုတ်ပါဘူး။ အခြေခံပညာ သင်ရိုးညွှန်းတမ်းတွေမှာ အားနည်းချက်တွေ ရှိနေတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ထောက်ပြပြောဆိုနိုင်တဲ့ ပညာရှင်တွေက သက်သက်ရှိပါတယ်။ ဝေဖန် ထောက်ပြ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲသူတွေ ပြည်သူများအပေါ် စေတနာကောင်းထားကြဖို့ တင်ပြလိုရင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အစိုးရကျောင်းများက ဆရာ၊ ဆရာမတွေကို ပိုပြီး လေးစားတယ်။ ကိုယ်တွေနဲ့ နီးစပ်တာလည်း ဒီဆရာ၊ ဆရာမတွေပဲ ဖြစ်တယ်။ ဆရာ၊ ဆရာမတွေရဲ့စေတနာကြောင့်သာ တက္ကသိုလ်ဝင်တန်းအောင်၊ တက္ကသိုလ်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်တယ်။ ကျွန်တော့် ညီငယ်လေးလည်း ထိုနည်းတူစွာပါပဲ။ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုနဲ့ပဲ တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပါတယ်။ ဒါပေမယ့် နစ်နာပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်ဖို့ ၂နှစ် ပိုတက်ရတယ်။ ၂ခါ ပြန်ဖြေရတယ်။
ပညာရေးနဲ့ ပက်သက်လို့ နိုင်ငံတော်အစိုးရရဲ့ စေတနာတွေကိုလည်း နားလည်ပါတယ်။ သို့သော် ပညာရေးဆိုင်ရာ စီမံခန့်ခွဲခွင့် ရှိသူတွေက နိုင်ငံတော်အကြီးအကဲများလို စေတနာမှန်သူလည်း ပါမယ်။ ကိုယ်ကျိုးရှာလိုသူလည်း ရှိမယ်။ ဦးနေဝင်းလက်ထက်ကစလို့ ခေတ်အဆက်ဆက် ပညာရေးအခြေအနေ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲမှုအခြေအနေ၊ နိုင်ငံတကာ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို မှန်ကန်စွာ သုံးသပ်ပြီး အကောင်းဆုံး လုပ်ဆောင်ပေးရင် ပြည်သူတွေမှာလည်း ကောင်းကျိုးတွေ ခံစားရမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ စီမံခန့်ခွဲသူတွေ ပြည်သူတွေရဲ့ အခြေအနေမှန်ကို သိရှိနားလည်နိုင်ကြပါစေလို့လည်း ဆန္ဒမပြဘဲ ဆန္ဒပြုပါတယ်လေ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment