ချမ်းအေးသာစံ၊ သြဂုတ် ၂၁
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီးဒေါ်သီတာဇင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီး ဒေါ်စမ်းစမ်းမြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ခင်စန်းဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီး ဒေါ်ဆွေဆွေ၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့်ဇနီး ဒေါ်လှလှမြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုးတို့နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကလေးငယ်များနှင့် ၎င်းတို့၏မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝ စားကြစို့” ဗွီဒီယိုအား ပြသ၍ အခမ်းအနားပြီးစီးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ အာဟာရဖွံဖြိုးရေးဆိုင်ရာ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခြင်း၊ အသက် ၅ နှစ်အောက် ကလေးများအား ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်း၊ အမှတ်တရလက်ဆောင်များနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား အဏုအာဟာရဆေးပြားများ ပေးအပ်ခြင်း စသည့်အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း၊ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုများအား ၂၀၀၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး (၂၂) နှစ်တိုင် ရှိပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ဩဂုတ်လတစ်လလုံးအား “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ” အဖြစ် သတ်မှတ်ကာ ဗဟိုအဆင့်သာမက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ကျေးရွာများပါမကျန် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်အား “မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်”၊ ဒုတိယရက်သတ္တပတ်အား “ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ တတိယရက်သတ္တပတ်အား “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”၊ စတုတ္ထရက်သတ္တပတ်အား “အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်” ဟူ၍ ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment