မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အစီအစဉ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အစီအစဉ်ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၂၁

မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအစီအစဉ်ကို ယမန်နေ့(၂၀-၈-၂၀၂၅)ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ (Braille) ကို အခြေခံသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုသည် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာရောက်ပါကြောင်း၊ မျက်မမြင်လက်စမ်းစာ (Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများအပါအဝင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူအားလုံး တက်တက်ကြွကြွပါဝင်ဆန္ဒမဲပေးရန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အပါအဝင် ယနေ့တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူတစ်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မသန်စွမ်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)