တာမွေ၊ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများက “ ပညာဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်မှ မုဒိတာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး တက်ရောက် လာကြသူများအား စာရေးဆရာမောင်နေသွင် (ဂီတစာဆို မျိုးနွယ်ဆွေ)က “ ဘဝအတွက်စာဖတ်ပါ ” ခေါင်းစဉ်ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူလေးများက “ ကဗျာလွတ်အက ”ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အလယ်တန်းနှင့် အထက်တန်းအဆင့် ပုံပြင် ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစကားလုံးဆက်ပြိုင်ပွဲနှင့် ဘယ်ခြေညာ လက်ကစားနည်း စသည်ဖြင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူ လူငယ်လူရွယ်လေးများအတွက် အသိပညာပေး ဟောပြောပေးခဲ့သည့် စာရေးဆရာ မောင်နေသွင် (ဂီတစာဆို မျိုးနွယ်ဆွေ)အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် တာမွေ မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးငွေတိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများက “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဖျော်ဖြေရေးအဖွဲ့များအား မြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်မှ ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူး ဖိတ် ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost








No comments:
Post a Comment