မိမိရဲ့ လုပ်ရပ်ကို သူတပါးကို ထိခိုက်ခြင်းမရှိဘူး။ အများပြည်သူအတွက် ကောင်းကျိုးဖြစ်စေတယ်ဆိုရင်တော့ ဒီလုပ်ရပ်ဟာ မှန်ကန်တယ်။ အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် အလုပ်ဆိုရင် နောက်မဆုတ်တမ်း လုပ်ဆောင်သင့်ပါတယ်။
မိမိရဲ့ လုပ်ရပ်ဟာ အများပြည်သူအတွက် ကောင်းကျိုးမရှိ၊ မိမိအတွက်လည်း ကောင်းကျိုးမရှိ၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေဖြစ်နေတယ်ဆိုရင်တော့ သိလျင်သိချင်း ဒီလုပ်ရပ်မျိုးတွေကို စွန့်လွှတ်သင့်ပါတယ်။
၂၀၂၁ ခုနှစ် ကစပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က -
မျှော်မှန်းချက် ဆိုသည်များမှာ - ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ် တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး
ရည်မှန်းချက် ဆိုသည်များမှာ - ပြည်သူလူထုလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့် ပြည်ထောင်စုကာကွယ်ရေး ဆိုတဲ့ အချက်တွေ ပြဆိုထားတယ်။ သူတို့ရဲ့ ရည်မှန်းချက်နဲ့အညီ ပြည်သူလူထုလုံခြုံရေးကို အလေးထား လုပ်ဆောင်ခဲ့သလား၊ ပြည်သူလူထုရဲ့ လုံခြုံမှုနေ့စဉ်လူမှုဘဝ လုံခြုံမှုကင်းမဲ့အောင် လုပ်ဆောင်ခဲ့သလား သူတို့ရဲ့ လုပ်ရပ်တွေက သက်သေပါပဲ။
NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များအတွက် သစ္စာအဓိဋ္ဌာန် (၄) ချက် ဆိုပြီး ရေးသားပြဆိုထားတာကို တွေ့ရတယ်။
၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။
၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။
အဲဒီအထဲက (ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။) သစ္စာအဓိဋ္ဌာန်ကို PDF အကြမ်းဖက်သမားများက နေ့စဉ်နေ့တိုင်း ဖောက်ဖျက်ကျူးလွန်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ နိုင်ငံဝန်ထမ်းတွေကို သတ်ဖြတ်ခဲ့တာ တစ်သောင်းကျော်အထိ ရှိခဲ့ပြီ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြတာမျိုး မရှိဘူး။ လက်နက်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း ကျူးလွန်ခဲ့ကြတယ်။
PDF အကြမ်းဖက်သမားတွေအနေနဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အမှားကြီးမှားခဲ့ကြပြီးပြီ။ သို့သော်လည်း အစိုးရအနေနဲ့က ကိုယ့်နိုင်ငံသားများအပေါ် သဘောထားကြီးစွာနဲ့ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ အစဉ်သဖြင့် လမ်းဖွင့်ပေးခဲ့တယ်။
အစောပိုင်းကာလမှာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသူတွေ ရှိသလို နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး ၁၇-၇-၂၀၂၅ ရက်နေ့ နောက်ပိုင်းမှာ နေ့စဉ်ရက်ဆက်ဆိုသလို TNLA, DPLA, MDY-PDF, PDF အကြမ်းဖက်အဖွဲ့ဝင်တွေ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပါတယ်။ အစိုးရကလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်ထားတဲ့ထုတ်ပြန်ချက်မှာ ပါရှိသည့်အတိုင်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို အကြမ်းဖက်နှိမ်နင်းရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ခံဝန်လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်သည့်အပြင် လက်နက်၊ ကျည်ဆံများ အပ်နှံပြီး ဝင်ရောက်လာသူများကို လက်နက်တန်ဖိုးငွေပါ ထုတ်ပေးနေတာကို တွေ့မြင်နေရပါတယ်။
၁၇-၇-၂၀၂၅ ရက်နေ့မှ ၅-၈-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိနေတဲ့ လူငယ်လူရွယ် ၁၂၀ ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ရောက်ရှိလာပြီလို့ ဆိုနိုင်ပါတယ်။ TNLA, DPLA, MDY-PDF, PDF အကြမ်းဖက်အဖွဲ့များထဲမှာ ခေါင်းဆောင်ဆိုသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်သူတွေကို တပ်မတော်က နှိပ်စက်ညှဉ်းပမ်းတယ်ဆိုတဲ့ မဟုတ်မမှန် ဝါဒဖြန့်ချိပြီး လူငယ်တွေဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မှုမျိုး မလုပ်ဝံ့အောင် ခြောက်လှန့်ထားတာမျိုးတွေလည်း ရှိပါတယ်။ ဥပဒေဘောင်အတွင်းကို အရဲစွန့်ပြီး ဝင်လာတော့မှသာ တပ်မတော်က နွေးထွေးစွာ ကြိုဆိုနေတာကို ကိုယ်တွေ့ သိမြင်နားလည်လာကြပါတယ်။
ကရင်နီအကြမ်းဖက်အဖွဲ့တွေရဲ့ လက်အောက်ကို ရောက်သွားတဲ့ ဗမာ၊ ပအိုဝ်းလူငယ်တွေမှာ လူမျိုးရေး၊ ဘာသာရေး စော်ကားတာမျိုးကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများရဲ့ ပြောကြားချက်များအရ သိမြင်ခဲ့ရပါတယ်။
ဆိုတော့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းကြောင့် ဆိုးကျိုးမရှိပါဘူး။ တပ်မတော်က နွေးထွေးစွာ ကြိုဆိုနေသလို ပေးအပ်ရန်စီစဉ်ထားတဲ့ အထောက်အပံ့များကိုလည်း မချွင်းမချန် ပေးအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကို လက်ခံမှာဖြစ်သလို အကြမ်းဖက်အဖွဲ့များထဲမှာ ဆက်ပြီး မိုက်တွင်းနက်နေသူတွေကိုလည်း ရှင်းလင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အကြမ်းဖက်နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ မြို့နယ် (၆၃)မြို့နယ်ကို အရေးပေါ်အခြေအနေ ဆက်လက်ကြေညာထားတာကိုလည်း တွေ့ရှိရပါတယ်။ PDF အကြမ်းဖက်အဖွဲ့ဝင်များအနေနဲ့ (ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။) ဆိုတဲ့ သစ္စာအဓိဋ္ဌာန်နဲ့ သွေဖယ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် သစ္စာစူးပြီး အတိဒုက္ခရောက်ဖို့သာ ရှိပါတော့တယ်။ ဒီအချိန်မှာ ဥပဒေဘောင်အတွင်း ဝင်မလား၊ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ယုတ္တိမတန်တဲ့ စကားတွေကို နားယောင်ပြီး သေပွဲဝင်ကြမလား။ နှစ်လမ်းက တစ်လမ်းကို ရွေးချယ်ကြဖို့သာ ရှိပါတော့တယ်။ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ကြပါစေကြောင်း -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment