ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဩဂုတ် ၆

ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အွန်လိုင်းမှ တက်ရောက်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝဇီရာရုပ်ရှင်ရုံ၏ မူလအမည်သည် အိတ်ဆယ်စီယာ (Excelsior) ဖြစ်ပြီး ဂျပန်ခေတ်တွင် “ရန်ကုန်ရုပ်ရှင်ရုံ” ဟု အမည်ပြောင်းလဲပြသခဲ့ပါကြောင်း၊ ၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြီး ဝဇီရာရုပ်ရှင်ရုံအမည် ဖြစ်လာခဲ့ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံ၏ မူလဗိသုကာလက်ရာသည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာ လက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားပါကြောင်း။

ယခုဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ရာတွင် မူလဗိသုကာပုံစံမပျက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ခမ်းနားထည်ဝါရန်လည်း လိုအပ်ပါကြောင်း၊ လေအေးပေးစနစ်၊ မီးစနစ်၊ ပြသမှုစနစ်များကို ခေတ်မီအောင်ဆောင်ရွက်ပြီး မူလဒီဇိုင်းကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ပုံရိပ်ကိုပြသမည့် အဆောက်အအုံဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံသာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းကျောင်း၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့် ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များလည်း ကျင်းပနိုင်မည်ဖြစ်သည့်အတွက် အဆင့်မြှင့်တင်ရာတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီရုပ်ရှင်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝဇီရာရုပ်ရှင်ရုံ၏ နောက်ခံသမိုင်းကြောင်း၊ ဗိသုကာဆိုင်ရာထူးခြားမှု၊ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံတွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် ရရှိလာနိုင်မည့် အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အဆောက်အအုံပြုပြင်မွမ်းမံခြင်း၊ ဗိသုကာဆိုင်ရာနည်းပညာများ၊ အသံစနစ်ပိုင်းဆိုင်ရာပြုပြင်မှု၊ ရုပ်ရှင်ပြသမှုစနစ်၊ ပြဇာတ်အဆင်အပြင်၊ အဆင့်မြင့်ထိုင်ခုံများလဲလှယ်ခြင်း၊ ယာဉ်ရပ်နားရန် နေရာများ၊ လူသွားစင်္ကြံများ စနစ်တကျဖြစ်စေရေးစသည်တို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)