ကုလသမဂ္ဂ၊ ဩဂုတ် ၆
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအရေးနှင့်စပ်လျဉ်းသည့် တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် အစ္စရေးက အန္တရာယ်များသည့်လုပ်ရပ်အား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
ဂါဇာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ကာ ယခင်ကမရှိခဲ့ဖူးသည့် သေဆုံးမှုနှင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း-အစ္စရေးနှစ်ဖက် အရပ်သားပြည်သူများအပေါ် မျှော်မှန်းရန် ခက်ခဲသည့် နာကျင်မှုများ သယ်ဆောင်ပေးခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ စစ်ရေးနည်းလမ်းသည် ပြဿနာအားဖြေရှင်းသည့် ထွက်ပေါက်မဟုတ်ဘဲ ချက်ချင်းအပစ်ရပ်မှုကသာ လူ့အသက်များကိုကယ်တင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အိမ်ပြန်နိုင်စေသည့် မှန်ကန်သောနည်းလမ်း ဖြစ်ကြောင်း ရက်စက်သည့် လက်တွေ့ဖြစ်ရပ်မှန်က သက်သေထူနေပြီဖြစ်သည်ဟု ၎င်းကဆိုသည်။
အစ္စရေးသည် စစ်ရေးတိုက်ခိုက်မှုအား အဆင့်မြှင့်တင်ပြီး ဂါဇာဒေသအား ဘက်စုံသိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်ဟု လတ်တလောကာလအတွင်း မီဒီယာများက သတင်းဖော်ပြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ၎င်းကဆိုသည်။
အစ္စရေးဘက်က ထိုကဲ့သို့ အန္တရာယ်များသည့်လုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်၊ ဘက်ပေါင်းစုံက ထိန်းချုပ်မှုအားရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော အပစ်ရပ်ရေးသဘောတူညီချက်အား ချက်ချင်းရရှိရန်၊ သက်ဆိုင်သူများအပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများက တရားမျှတ၍ တာဝန်ယူမှုရှိသော သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေး တွန်းအားပေးရန်အတွက် လက်တွေ့ကျသည့် လှုပ်ရှားမှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
ဂါဇာဒေသ၏ အပြစ်မဲ့အရပ်သားပြည်သူများသည် စစ်ပွဲကြောင့် ထိခိုက်နစ်နာသူများ မဖြစ်သင့်သလို လူ၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသောကပ်ဘေး၏ နှိပ်စက်မှုကို ထပ်မံမခံစားရသင့်ကြောင်း၊ လက်ရှိ အလွန်အမင်း ပိတ်ဆို့ခံထားရသည့် အကျပ်အတည်းအခြေအနေတွင် ဂါဇာဒေသ လူသားချင်းစာနာမှုကပ်ဘေးသည် အဆက်မပြတ်ဆိုးရွားလာပြီး ပြင်းထန်သောငတ်မွတ်ခေါင်းပါးမှုမှာ မျက်စိရှေ့မှောက် ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကူညီရေးပစ္စည်းများဝင်ရောက်မှုကို ကန့်သတ်ခြင်းသည် ဂါဇာဒေသပြည်သူများအပေါ် အစုအဖွဲ့လိုက် ပြစ်ဒဏ်ပေးမှုကို တစ်ဆင့်တိုး ဆိုးရွားစေမည်သာဖြစ်ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်သည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကလည်း အသက်ရှင်နေထိုင်ရန်ပစ္စည်းများ ရရှိရန် ပိုမိုခဲယဉ်းလာမည်ဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် နိုင်ငံတကာဥပဒေအားလိုက်နာကာ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဘက်စုံပြန်လည်ဖော်ဆောင်ပြီး ကုလသမဂ္ဂ စသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းများ ကူညီမှုလုပ်ဆောင်ခြင်းအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဘက်စုံအကောင်အထည်ဖော်ခြင်း၊ ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေး ဖော်ဆောင်ခြင်းသည် ပါလက်စတိုင်းအရေးကိစ္စအား ဖြေရှင်းရန် တစ်ခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အခြေခံအား ထိပါးစေသည့် တစ်ဖက်သတ်လှုပ်ရှားမှုကို အတူတကွကန့်ကွက်ကာ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” နိုင်ငံရေးလုပ်ငန်းစဉ် တွန်းအားပေး ဖော်ဆောင်မှုကို အရှိန်မြှင့်တင်သင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဂါဇာဒေသစစ်မီးငြှိမ်းသတ်ရန်၊ လူသားချင်းစာနာမှု ကပ်ဘေးပြေလျော့ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရန် တွန်းအားပေး၍ နောက်ဆုံးတွင် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတစွာ၊ ရေရှည်ဖြစ်စွာ ဘက်စုံဖြေရှင်းရေးကို အကောင်အထည်ဖော်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost


No comments:
Post a Comment