ရန်ကုန်၊ သြဂုတ် ၁
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅ နှင့်ပတ်သက်၍ ပြည်သူ့ပါတီ၏ သဘောထားကြေငြာချက် ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားရာ ပြောင်းလဲဖြစ်ထွန်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အစိုးရသစ်၊ တပ်မတော် ဘက်အသီးသီးမှ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်တွင် ၂ဝ၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်စွဲပါ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁/၂၀၂၅ အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂ဝဝ၈ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ ကို ကျင့်သုံး၍ အရေးပေါ်အခြေအနေကြေငြာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားနိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ ယင်းကဲ့သို့ ပယ်ဖျက်ခဲ့ခြင်းသည် ဥပဒေကြောင်းအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ နိုင်ငံသားအခွင့်အရေး ရှုထောင့်မှလည်းကောင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းရေးတို့အတွက် လမ်းစပေါ်ပေါက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂(က) အရ (၆၃) မြို့နယ်အား (၃၁-၇-၂ဝ၂၅)ရက်တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမှတ် (၁/၂ဝ၂၅)ဖြင့် အရေးပေါ်အခြေအနေ ကြေငြာခဲ့ကြောင်း၊ အရေးပေါ်အခြေအနေ ပယ်ဖျက်ရုတ်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ အရေးပေါ်အခြေအနေကြေငြာခဲ့သည့် မြို့နယ်(၆၃) မှ အပ ကျန်ဒေသများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ အခန်း (၈)ပါ နိုင်ငံသား၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များအခန်းပါ အခွင့်အရေးများနှင့် ပတ်သက်၍ အကြံဉာဏ်အကူအညီများ လိုအပ်ပါက ပြည်သူ့ပါတီရုံး အသီးသီးမှတစ်ဆင့် ဆက်သွယ်ရယူနိုင်ပါကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယခုပြောင်းလဲဖြစ်ထွန်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အစိုးရသစ်၊ တပ်မတော် ဘက်အသီးသီးမှ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြပါရန် လေးနက်စွာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း ပြည်သူ့ပါတီ က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment