မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



မော်လမြိုင် ၊  ဩဂုတ် ၉


မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ(တာဝန်)၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မိမိတို့၏ ဥပဒေအရာရှိများသည် နိုင်ငံဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံတော်မှ နိုင်ငံတော်မှပေးအပ်သော တာဝန်များကို ထမ်းဆောင်ကြရာတွင် ဥပဒေအရာရှိများဖြစ်သည်နှင့်အလျောက် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်ကိုလည်း အထူးမှတ်သားဖတ်ရှု ကျက်မှတ်နှလုံးသွင်း အကောင်အထည်ဖော်ရန်လိုကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ ဆန္ဒမဲပေးသူများအနက် ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုပြဋ္ဌာန်းခဲ့သော နိုင်ငံအတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ကို မိမိတို့၏ ဥပဒေအရာရှိများအားလုံး နားလည်သဘောပေါက်အောင် ဖတ်ရှုမှတ်သားထားကြရန်လည်း အထူးလိုအပ်မည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက်ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများကို ဆောင်ရွက်သွားစဉ်တွင် နိုင်ငံဝန်ထမ်းဥပဒေအရာရှိများအနေဖြင့် မိမိတို့ ကျရာကဏ္ဍမှ နိုင်ငံတော်၏ အကျိုး၊ အစိုးရ၏အကျိုးအတွက် အားကြိုးမာန်တက်၊ တက်တက်ကြွကြွ ပါဝင်ထမ်းဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် မိမိတို့တာဝန်ကျရာဒေသတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဒေသဖွံ့ဖြိုးရေး အကျိုး၊ ဌာနအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ကျေပွန်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ လုံခြုံရေးပေါက်ကြားမှုမရှိစေရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ Facebook များတွင် ရုံးလုပ်ငန်းနှင့်ပတ်သက်သောကိစ္စ၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သောကိစ္စများ၊ အကြမ်းဖက်အဖျက်သမားများနှင့်ပတ်သက်သော ကိစ္စရပ်များကို လုံးဝတင်ခြင်း၊ ရှယ်ခြင်း၊ Like ပေးခြင်းမပြုလုပ်ရန်လိုပါကြောင်း၊ ပြည်သူနှင့် နိုင်ငံတော်မှ အားထားရသော ဥပဒေအရာရှိကောင်းများဖြစ်အောင် ရိုးရိုးသားသားကြိုးကြိုးစားစား ဇွဲလုံ့လဝီရိယတို့ဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် ဥပဒေအရာရှိများက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဥပဒေအရာရှိ(တာဝန်)က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်က လိုအပ်သည်များကိုဖြည့်စွက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)