အန်းနင်မြို့၊ သြဂုတ် ၁၆
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ၊ နိုင်ငံရေးရာဗြူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်ကိစ္စ အပါအဝင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်၊ ထိုင်း၊ လာအို တို့က ထောက်ခံအားပေးကြောင်း ဆိုသည်။
(၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန် တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး၊ အစည်းအဝေး သို့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဗီယက်နမ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်း တို့လည်း ပါဝင်တက်ရောက်ခဲ့ ကြသည်။
(၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို “ရွှေရောင်ဆယ်စုနှစ် ၊ စည်းလုံးညီညွတ်မှုဖြင့် ပိုမိုကောင်းမွန်သောအသိုက်အဝန်း တည်ဆောက်ရန် ဆက်လက်ကတိပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြကာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အောက်တွင် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့၏ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်ရေး စသည့်နယ်ပယ်များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပသည့် “တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ဆွေးနွေးပွဲ” သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး တို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ အကြား နယ်စပ်ဒေသတလျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည် မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပူးပေါင်းတိုက်ဖျက်ရေးတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်ကိစ္စ အပါအဝင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများအပေါ် ထောက်ခံအားပေးခဲ့ကြသည်။
တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ညနေပိုင်း တွင် အန်းနင်ရေပူစမ်းဟိုတယ်၌ ကြိုဆိုဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်းနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု ပိုမိုခိုင်မာစေရေး ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း (၁၃၂)ခုအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၈.၆)သန်းခန့် ကို မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment