ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်၍ ယင်းဥပဒေအရ စွဲဆိုလာသည့်အမှုများကိုလည်း မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်၍ ယင်းဥပဒေအရ စွဲဆိုလာသည့်အမှုများကိုလည်း မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်


နေပြည်တော်၊ ဩဂုတ် ၁၆

ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်၍ ယင်းဥပဒေအရ စွဲဆိုလာသည့်အမှုများကိုလည်း မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြ ရန်လိုကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောကြားသည်။

သြဂုတ် ၁၄ ရက် နံနက်ပိုင်းက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အများပြည်သူပိုမိုသိရှိနိုင်အောင် အသိပညာပေးသည့် Outreach Program များ တိုးမြှင့်လုပ်ဆောင်သွားရန်၊ ပြည်တွင်း သို့မဟုတ် ပြည်ပ အနုညာတဆုံးဖြတ်ချက်ကို အတည်ပြုဆောင်ရွက်ရသည့် တရားရုံးများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မူပိုင်ခွင့်ဥပဒေအရ စွဲဆိုသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာတွင် ပါဝင်ဆောင်ရွက်နေမှုနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ဆောင်ရွက်ထားရှိမှုများကို သိရှိနားလည်ထားကြရန်လိုကြောင်း။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်မည့် နှစ်အလိုက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ကြေညာပြီး ဖြစ်သည့်အပြင် AML / CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြုချဉ်းကပ်စစ်ဆေးသည့် လက်စွဲကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လေ့လာသိရှိထားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်တို့တွင် ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် ၂၄၉၆၃ မှု၊ လက်ခံရရှိမှု ၁၄၇၄၇၀ ဖြစ်ပြီး ၁၄၇၀၁၂ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၅၄၂၁ မှု ကျန်ရှိကြောင်း၊ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် ၂၉၂၉၉ မှု၊ လက်ခံရရှိမှု ၁၉၁၆၅ မှုဖြစ်ပြီး ၁၉၂၅၈ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၉၂၀၆ မှု ကျန်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၆၆၆၃၅ မှုလက်ခံရရှိပြီး ၁၆၆၂၇၀ စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၉၉ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း အမှုများ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။ အစည်းအဝေးကို ဩဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)