ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့က မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများအနေဖြင့် Project Paper များရေးသားရာတွင် ခေါင်းစဉ်ရွေးချယ်မှုမှန်ကန်မှုရှိရန် လိုအပ်ပြီး မိမိတို့ဒေသတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် မိမိတို့ဒေသကိုအကျိုးပြုသည့် Project Paper များ ရေးသားကြစေလိုကြောင်း အားပေးစကားပြောကြားသည်။

ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ စာမေးပွဲနီးကပ်လာပြီဖြစ်၍ စာမေးပွဲမေးခွန်းလုံခြုံမှုရှိစေရေး၊ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ၏ Project Paper ခေါင်းစဉ်များသည် ယခင်ခေါင်းစဉ်များနှင့် မတူညီရန်နှင့် group project များ ပြုလုပ်ရာတွင် ဆရာ ဆရာမများအနေဖြင့် စနစ်တကျကြီးကြပ်ကြစေလိုပါကြောင်း၊ ကျောင်းများတွင် အရေးပေါ်တုံ့ပြန်ရေးကြီးကြပ်အဖွဲ့ (Emergency Response Team) များ ဖွဲ့စည်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မိတ္ထီလာမြို့နယ် ညောင်ကိုင်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ဆက်လက်၍ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး မိတ္ထီလာတက္ကသိုလ်အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် မိတ္ထီလာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားပြီး ဆရာ ဆရာမများက လက်ရှိဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)