ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

 



ရန်ကုန်  ၊  ဩဂုတ်  ၁၀


မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ပင့်သံဃာ(၁၈)ပါး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိ သူများက တက်ရောက်ကြသည်။


ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋက ဓရ၊ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိ ဆရာတော်ထံမှ  ငါးပါးသီလခံယူ ဆောက်တည်ကြသည်။


ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ပထမကျော် အဂ္ဂမဟာအကျော်၊ အဌကထာပြန်အကျော်၊ သ.စ.အ စမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာ)ဆရာတော်ထံမှ  လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား ၍ ရေစက်သွန်းချ အမျှပေးဝေသည်။


ယင်းနောက် ဆရာတော် ဘဒ္ဒန္တကေလာသက နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ပြန်လည် ပို့ဆောင်ပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းကြပြီး အဆိုပါ အသံမစဲ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဩဂုတ်လ(၄)ရက်နေ့မှ ဩဂုတ်လ(၈) ရက်နေ့အထိ ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)