ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၁

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် ကံဆိပ်ကျေးရွာလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယမန်နေ့က ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video ကို ပြသပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းမှာမဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကျေးရွာပြည်သူ့ထည့်ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရ - ပြည်သူ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်တစ်ခုလည်းဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သုံးခုမြောက် အသေးစားဓာတ်အားစနစ်စီမံကိန်းလည်း ဖြစ်ပါကြောင်း။

ကံဆိပ်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် ၉၉ ကီလိုဝပ် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှာ ၁၂၀ ကီလိုဝပ် အရန်ဒီဇယ်အင်ဂျင်စနစ်ပါဝင်သည့်အပြင် လျှပ်စစ်မီးရရှိမှုနှင့်အတူ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေမီတာတပ်ဆင်ထားသည့် အိမ်သွယ်ရေတိုင်စနစ်ရေပေးရေးလုပ်ငန်းကိုပါ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို အမေရိကန်ဒေါ်လာ သုညဒသမ ၇၈ သန်းကျော်ဖြင့် Sandisoar Renewable Energy Development International ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကံဆိပ်ကျေးရွာစီမံကိန်း ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ကျေးရွာရှိ အိမ်ခြေ ၁၅၀၊ လူဦးရေ ၇၅၀ ခန့်တို့ အကျိုးခံစားရမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိမှု၊ ရေရှိမှုတို့မှတစ်ဆင့် အသေးစားကုန်ထုတ်လုပ်မှုနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ပြောကြားကြသည်။

ဆက်လက်၍ Sandisolar Renewable Energy Development International ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များက စီမံကိန်းဆိုင်ရာမှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားအပြီးတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကံဆိပ်၊ နေရောင်ကာ၊ ဘုရားချောင်း၊ တညင်ကုန်း၊ ကုန်းတန်းကလေး၊ ခြောက်အိမ်စု စသည့်ကျေးရွာများမှ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားစကားပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တုံးတင်ကံ (တောင်) ကျေးရွာအုပ်စု သက္ကယ်ကွင်းကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ခေတ်မီအဆင့်မြင့်ဆန်စက်အပါအဝင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက်များ တည်ဆောက်ပြီးစီးပါက ကုန်ကြမ်းရရှိရေးအရေးကြီးသောကြောင့် ဒေသတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ တောင်သူသမဝါယမအသင်းများနှင့် ချိတ်ဆက်ကာ သမဝါယမစနစ်ဖြင့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ထောက်ပံ့ပေးပြီး ထွက်ရှိလာသော စပါးကုန်ကြမ်းများကို ပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်ပေးရန်လိုကြောင်း၊ လယ်သမားမိသားစုပေါင်း ၄၃၀၀၀ ကျော်တို့အတွက် အာမခံပေါက်ဈေးကြောင့် ခိုင်မာသော ဝင်ငွေအခွင့်အလမ်းရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)