မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးတွေ့ဆုံပွဲ နှင့် လက်စွဲမျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးတွေ့ဆုံပွဲ နှင့် လက်စွဲမျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်











မန္တလေး၊ ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တွေ့ဆုံပွဲ၊ လက်စွဲမျိုးစေ့ချ ကိရိယာ(DrumSeeder)များပေးအပ်ပွဲ နှင့် ကွင်းသရုပ်ပြသပွဲ အခမ်းအနား ကို ယမန်နေ့က အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိစိုက်ပျိုးရေး နှင့်မွေးမြူရေး သိပ္ပံကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ တောင်သူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် စားရေရိက္ခာဖူလုံရေး နှင့် ဒေသဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်ရေး တို့တွင်  အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သည့် လူစွမ်းအားအရင်းအမြစ် များစွာလိုအပ်ပါကြောင်း၊ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များ၊ ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများကို ပြန်လည်ဆင့်ပွား ပညာ ပေးခြင်းများအား  အကျိုးရှိထိရောက်အောင်မြင်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် လက်စွဲမျိုးစေ့ချ ကိရိယာ(Drum Seeder)ကို အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် အလုပ်သမား လိုအပ်ချက်လျော့နည်းခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ပြီး အချိန်ကုန် သက် သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာပြီး စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ အပင်ပေါက်နှုန်းကောင်းမွန်စေခြင်း၊(ပင်ကြားxတန်ကြား) ညီညာစွာစိုက်ပျိုး ထားခြင်းဖြင့် ကြားပေါင်းလိုက်ရန်လွယ်ကူခြင်းနှင့် အပင်လေဝင်လေထွက် ကောင်းမွန်ခြင်းတို့ကြောင့် သီးနှံဖြစ်ထွန်းမှု ပိုမိုအားကောင်းပြီး အထွက်နှုန်း ပြည့်မီရေးတွင် အကျိုးကျေးဇူးများစွာ ရရှိလာမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးစပါးရာသီတွင် မျိုးစေ့ချကိရိယာ တစ် လက်နှုန်းဖြင့် မျိုးစေ့ချကိရိယာ စုစုပေါင်း(၇၃၄၆)လက်ကို ကျောက်ဆည်မြို့ အင်းကုန်းဒေသရှိ  စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာလယ်ယာသုံး စက်ကိရိယာ စက်ရုံတွင် မှာယူထားပြီးဖြစ်ပါကြောင်း၊ ယနေ့ပေးအပ်သည့် မျိုးစေ့ချ ကိရိယာများမှာ စက်ရုံက ပထမအကြိမ် ထုတ်လုပ်သည့် (၁၅၀၀ )လက်မှ အလက်(၁၀၀)လက်ကို ပုသိမ်ကြီးမြို့နယ် နှင့် မတ္တရာမြို့နယ်ရှိ တောင်သူ များထံ ကနဦး ဖြန့်ဝေပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ လိုအပ်သည့် တောင်သူ များထံသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူ များအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ခေတ်စနစ် နှင့်အညီ အသွင်ကူးပြောင်းလုပ်ကိုင်ခြင်းများတွင် ယုံကြည်မှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်လာခြင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းများ ကို စနစ်တကျ အသုံးပြုလာခြင်းတို့ဖြင့် စိုက်ဧကများ အထွက်နှုန်းတိုးကာ ပန်းတိုင်ရည်မှန်းချက်များပြည့်မီလာမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ 

၎င်းနောက် စိုက်ပျိုးရေး နှင့် မွေးမြူရေး သိပ္ပံကျောင်းအုပ်ကြီးက စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၏ သမိုင်းကြောင်း၊ သင်ကြား ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Drum Seeder) များ နှင့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်(မျိုးစေ့)အိတ်များကို ပုသိမ်ကြီး မြို့နယ် နှင့် မတ္တရာမြို့နယ်ရှိ တောင်သူများထံသို့ လည်းကောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)ကျောင်းအတွက် MRTV DTH ၊ MRTV DVB T-2 Set Top Box နှင့် ၅၀ လက်မ Smart TV ၊ အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးနှင့် ကျောင်းသားကျောင်းသူများထံသို့ လည်းကောင်း ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြော ကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းနှီးစွာနှုတ် ဆက်အားပေးစကားများပြောကြားခဲ့ကြောင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြသနေမှုများကို၊ သဘာဝမြေ ဆွေးပုံ(Bocashi) ပြလုပ်ပုံအဆင့်ဆင့်၊ သဘာဝမြေဆွေး(၃)ဆနှင့် မြေဩ ဇာ (ယူရီးယား)(၁)ဆ ရောစပ်၍ စပါးစိုက်ခင်းအတွင်း ကြဲပက်ခြင်းတို့ကို ကြည့်ရှုအားပေးပြီး ကျောင်းအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ကို ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့ နယ်၊ ရန်ကင်းတောင်ခြေရှိ ဥယျာဉ်ပရိယတ္တိကျောင်း ပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တဇောတိကကိုသွားရောက်ဖူးမြော်ကာ လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒများခံယူခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)