ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ စက်တင်ဘာ ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား သူကြီးချုပ်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘက်မြို့၌ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် “(၁၃)ကြိမ်မြောက် အာရှ - ပစိဖိတ် ဒေသ အပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်” သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်သည် အာရှ - ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာ စေရန် ရည်ရွယ်ချက်ဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသော ဖိုရမ် ဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင် ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အာရှနှင့် ပစိဖိတ်ဒေသ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ ဤဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုတရားသူကြီး ချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယာယီတရားသူကြီးချုပ် H.E Mr. Yuri Ivanenko နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားလွှတ်တော်ချုပ်တို့အကြား တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ တရားစီရင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘက်မြို့ရှိ အယူခံတရားရုံးအဆောက်အအုံ၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ အပြည်ပြည် ဆိုင်ရာဥပဒေဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယာယီတရားသူကြီးချုပ် H.E Mr. Yuri Ivanenko က တည်ခင်းသည့် ကြိုဆိုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် (၁၃) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသအပြည်ပြည်ဆိုင်ရာဥပဒေဖိုရမ်သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားစီရင်ရေးဆိုင်ရာ အကြီး အကဲများ၊ တရားသူကြီးများ၊ တရားစီရင်ရေး အရာရှိများနှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် အခွန်ဥပဒေ၊ အကောက်ခွန်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ တရားစီရင်ရေး နှင့်သက်ဆိုင်သည့် ဥပဒေပြဿနာရပ်များကို စာတမ်း ဖတ်ကြားဆွေးနွေးကြပြီး ပြည် ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာလီစံက "Intellectual Property Rights Protection in Myanmar: Judicial Perspective and Experience" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)