ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက်


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တစ်မျိုးသားလုံး အကျုံး ဝင်သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်ဟူသော ရည်မှန်းချက်နှင့်အညီ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် ခြောက်မျိုးအနက် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှုအာမခံစနစ်တို့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပညာသင်စရိတ်လျှောက်ထားလာသည့် အာမခံအလုပ်သမား ၈၆၁၁ ဦး၏ သားသမီး ၁၁၄၈၉  ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်း ကျပ်သန်း ၄၅၉ ဒသမ ၁၆၂ ကို Online Payment စနစ်ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များအတွက်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပညာသင်စရိတ် လျှောက်ထားလာသည့် အလုပ်သမား ၂၆၆၇၀ တို့၏ သားသမီး ၃၃၉၁၂ ဦးအား ပညာသင်စရိတ်နှင့် အလုပ်တွင် ထိခိုက်သေဆုံးခဲ့သည့် အာမခံအလုပ်သမား ငါးဦးတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေများကို ၎င်းတို့၏ မိသားစုဝင်များထံ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ပညာသင် စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့ငွေကျပ်သန်း ၁၉၁၄ ဒသမ ၄၇၇ ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း။

လူမှုဖူလုံရေးအကျုံးဝင်မြို့နယ် ၁၂၈ မှ အလုပ်ဌာန ၃၅၀၀၀ ကျော်ရှိ အာမခံအလုပ်သမား ၁ ဒသမ ၃၆ သန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များကို ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမားများ ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပညာသင်စရိတ်ဆိုင်ရာ မိသားစု ထောက်ပံ့ငွေ ကျပ်သန်း ၁၃၂၅ ဒသမ ၅၅၀ ကို လွှဲပြောင်းပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့က အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့သော အာမခံလုပ်သား ငါးဦးအတွက် အကျိုး ခံစားခွင့်ငွေကျပ်သန်း ၆၀ ဒသမ ၄၈၀ ကို ပေးအပ်ကာ ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် အာမခံလုပ်သားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှု၍ အားပေးစကား ပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ဆေးရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံ တက်ရောက် ဆေးကုသမှုခံယူသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)