ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်


နေပြည်တော်၊ စက်တင်ဘာ ၁၃

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] သို့ တက်ရောက်ခဲ့ပြီး ယနေ့ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို မလေးရှား နိုင်ငံ၊ မလက္ကာမြို့ရှိ DoubleTree by Hilton ဟိုတယ်၌ စက်တင်ဘာလ ၉ ရက်၊ ညနေ ၄ နာရီခွဲတွင် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ AMMTC ခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Houm (ဒေါက်တာ ကာအို ကင် ဟွန်) က အမှာစကားပြောကြားခြင်း၊ အိမ်ရှင် မလေးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Datuk Seri Saifuddin Nasution bin Ismail (မစ္စတာ ဒါတွတ် ဆရီ ဆိုင်ဖူဒင် နဆူးရှင်း ဘင် အစ္စမေးလ်) က အဖွင့်အမှာစကားပြောကြားခြင်း၊ အထူးဧည့်သည်တော် မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Anwar bin Ibrahim (မစ္စတာ အန်ဝါ ဘင် အီဘရာဟင်) က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကဖြင့်ဖျော်ဖြေ ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်နှင့်အတူ AMMTC ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

စက်တင်ဘာလ ၉ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ အတွက် အဆင့်မြင့်အရာရှိကြီးများ၏ကြိုတင်ညှိနှိုင်းအစည်းအဝေးများကိုလည်းကောင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်တွင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂) ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀) ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆) ကြိမ်မြောက် AMMTC + ROK အစည်းအဝေးတို့ကို လည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့ပါသည်။

(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသ အဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပြီး နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအာဆီယံလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ တည်ထောင်ရေး သဘောတရားစာတမ်း၊ အာဆီယံ နယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာမလက္ကာကြေညာချက်၊ အရှေ့တောင်အာရှဒေသအတွင်း လူမှောင်ခိုမှုတိုက် ဖျက်ရေးဆိုင်ရာအာဆီယံကြေညာချက်၊ ဆိုက်ဘာမှုခင်းနှင့်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့်ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်ထုတ်ပြန်မည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်၊ ပြစ်မှုဆိုင်ရာတရားခံပြေးများအားရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များကြေညာချက်နှင့် အစွန်းရောက် အကြမ်းဖက်မှုကြိုတင်တားဆီးကာကွယ်ရေးအတွက်အားကစားပွဲများပြုလုပ်ပေးရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်တို့ကို အတည်ပြုခဲ့ကြပြီး (၂၀) ကြိမ်မြောက် AMMTC နှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)