ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်


နေပြည်တော်၊ စက်တင်ဘာ ၁၃

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] သို့ တက်ရောက်ခဲ့ပြီး ယနေ့ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို မလေးရှား နိုင်ငံ၊ မလက္ကာမြို့ရှိ DoubleTree by Hilton ဟိုတယ်၌ စက်တင်ဘာလ ၉ ရက်၊ ညနေ ၄ နာရီခွဲတွင် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ AMMTC ခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Houm (ဒေါက်တာ ကာအို ကင် ဟွန်) က အမှာစကားပြောကြားခြင်း၊ အိမ်ရှင် မလေးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Datuk Seri Saifuddin Nasution bin Ismail (မစ္စတာ ဒါတွတ် ဆရီ ဆိုင်ဖူဒင် နဆူးရှင်း ဘင် အစ္စမေးလ်) က အဖွင့်အမှာစကားပြောကြားခြင်း၊ အထူးဧည့်သည်တော် မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Anwar bin Ibrahim (မစ္စတာ အန်ဝါ ဘင် အီဘရာဟင်) က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကဖြင့်ဖျော်ဖြေ ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်နှင့်အတူ AMMTC ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

စက်တင်ဘာလ ၉ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ အတွက် အဆင့်မြင့်အရာရှိကြီးများ၏ကြိုတင်ညှိနှိုင်းအစည်းအဝေးများကိုလည်းကောင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်တွင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂) ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀) ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆) ကြိမ်မြောက် AMMTC + ROK အစည်းအဝေးတို့ကို လည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့ပါသည်။

(၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသ အဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပြီး နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအာဆီယံလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ တည်ထောင်ရေး သဘောတရားစာတမ်း၊ အာဆီယံ နယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာမလက္ကာကြေညာချက်၊ အရှေ့တောင်အာရှဒေသအတွင်း လူမှောင်ခိုမှုတိုက် ဖျက်ရေးဆိုင်ရာအာဆီယံကြေညာချက်၊ ဆိုက်ဘာမှုခင်းနှင့်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့်ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်ထုတ်ပြန်မည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်၊ ပြစ်မှုဆိုင်ရာတရားခံပြေးများအားရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များကြေညာချက်နှင့် အစွန်းရောက် အကြမ်းဖက်မှုကြိုတင်တားဆီးကာကွယ်ရေးအတွက်အားကစားပွဲများပြုလုပ်ပေးရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များကြေညာချက်တို့ကို အတည်ပြုခဲ့ကြပြီး (၂၀) ကြိမ်မြောက် AMMTC နှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)