ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၁၂၇၉၃၇ ဧက လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၁၂၇၉၃၇ ဧက လျာထားစိုက်ပျိုးမည်

 



ပွင့်ဖြူ  ၊ စက်တင်ဘာ ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် သီးနှံစုံ ၁၂၇၉၃၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် သီးနှံစုံ ၁၂၇၉၃၇ ဧက စိုက်ပျိုးရန် လျာထားပြီး သီးနှံအလိုက် လျာထားချက် စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ချိတ်ဆက်၍ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားနိုင်ရေး၊ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေးနှင့် သီးနှံအလိုက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးနှင့်ပတ်သက်သော လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ သီးနှံစုံစိုက်ဧက ၁၂၇၉၃၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လက်ရှိမှာ တောင်သူတွေကို သီးနှံအလိုက် လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ မြေဆီလွှာများ ကောင်းမွန်အောငဆောင်ရွက်ရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ သုံးစွဲတတ်စေရေး၊ စိုက်ပျိုးရေအလေအလွင့်နည်းပါးအောင်ဆောင်ရွက်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် သီးနှံအထွက်နှုန်းများကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေးအသိပညာပေးတာတွေကို ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ လျာထားစိုက်ပျိုးမည့် သီးနှံများအနေဖြင့် ဖူးစားပြောင်း ၃၀၅၀ ဧက၊ မတ်ပဲ၊ ပဲကြီး၊ ပဲကြား၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲယင်း၊ ပဲနောက်၊ ထောပတ်ပဲနှင့် အခြားပဲသီးနှံ စသည့် ပဲမျိုးစုံသီးနှံ ၇၂၅၆၄ ဧက၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း ဆီထွက်သီးနှံစုံ ၃၄၉၅၁ ဧက၊ စားဖိုဆောင်သီးနှံစုံ ၂၄၃၈ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၁၂၉၀၉ ဧက၊ ဟင်းသီးဟင်းရွက်မျိုးစုံ ၁၇၄၅ ဧက၊ အထွေထွေစားသုံးသီးနှံ ၂၈၀ ဧက၊ စုစုပေါင်း သီးနှံစုံဧက ၁၂၇၉၃၇ ဧကကို လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရုံမျှမက ပိုလျှံသောသီးနှံများကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် တစ်နှစ်ထက်တစ်နှစ် သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)