အောင်မြေသာစံ၊ စက်တင်ဘာ ၉
၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများအား ဂရုဏာကြေးပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ကော်မတီဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ NTL ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး NTL ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်က Sky Villa ပြိုကျမှုနှင့် ပတ်သက်၍ ဆုံးရှုံးနစ်နာခဲ့မှုများအပေါ် တောင်းပန် ဝမ်းနည်းစကား ပြောကြားသည်။
ထို့နောက် မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော နိုင်ငံခြားသားများအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ဂရုဏာကြေး ပေးအပ်ပြီး မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအား တာဝန်ရှိသူများနှင့် NTL ဆောက်လုပ်ရေးကုမ္ပဏီ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်တို့က ဂရုဏာကြေးများ ပေးအပ်ကြသည်။
မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူ စုစုပေါင်း (၂၀၅) ဦးရှိရာ ယနေ့ ပထမအသုတ်အဖြစ် (၇၂) ဦးအတွက် တစ်ဦးလျှင် သိန်းတစ်ရာနှုန်းဖြင့် သိန်းခုနစ်ထောင့်နှစ်ရာကို NTL ဆောက်လုပ်ရေးကုမ္ပဏီက ဂရုဏာကြေးအဖြစ် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment