ရန်ကုန်၊ အောက်တိုဘာ ၆
ယနေ့သည် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြရာ အဘိဓမ္မာဒေသတော်တရားသံများဖြင့် ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလ ခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယ ပွဲတော်(အောင်ပွဲ)ရေစက်ချ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီး၊အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေ များပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းဖြင့် အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ
ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ နှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး၊ဗဟန်းမြို့နယ် ညောင်တုန်းကျောင်းတိုက် ၊သံဃနာယကအဖွဲ့သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ အဘိဇာတ ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးထိန်ဝင်းက ဇယမင်္ဂလာအနုမောဒနာ စာတမ်းကို ဖတ်ကြားလျှောက်ထားပြီးဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ ၊ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဇာဂရထံမှ ဧည့်ပရိသတ်များက လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာကြားပြီး ရေစက်ချအမျှ ပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ နှင့် ပင့်သံဃာတော်များအား ဂေါပကအဖွဲ့ ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းလေးသွယ်၌ ဘုရားဖူးလာ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးအထူးစည်ကားလျက်ရှိပြီးအလှူရှင်များက စတုဒိတာအဖြစ်ရေသန့်၊ အချိိုရည်၊ ပေါင်မုန့်များကျွေးမွေးကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများ သည် ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြမည်ဖြစ်သည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment