ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်



ဟားခါး  ၊ အောက်တိုဘာ ၃


အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အသက် (၈၅)နှစ်နှင့်အထက်ရှိ သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၃၄) နှစ် ရှိပြီဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၃၀ ပြည်နှစ်အရောက်တွင် သက်ကြီးပုဂ္ဂိုလ်အရေအတွက်သည် လူငယ်ဦးရေထက် ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားရာ ကျွန်ုပ်တို့၏ ကမ္ဘာကို သက်ကြီးသူတို့ ကမ္ဘာဟု တင်စားခေါ်ဆိုနေကြပြီး မြန်မာနိုင်ငံတွင် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် ပါဝင်မှုရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ များပြားလာခြင်းကြောင့် ပိုမိုကျယ်ပြန့်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုရေးစောင့်ရှောက်ရေး ဝန်ဆောင်မှုလိုအပ်ချက်များ သိသာစွာမြင့်တက်လာကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ ကျန်ရှိနေသေးသည့် လူ့ဘဝသက်တမ်း ကာလ၌ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ညှိုးနွမ်းမှုမရှိစေဘဲ လုံခြုံနွေးထွေးစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်သူများဖြစ်အောင်၊ ကျန်းမာတက်ကြွသက်ကြီးဘဝရရှိအောင် အားပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၄) အရ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လူမှုရေးပင်စင်ခံစားခွင့်ပြုခဲ့ကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ လူမှုရေးပင်စင်ရရှိနိုင်ရေးအတွက် ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ်တွင်ရှိသော အဘိုးအဘွား (၁၄၈) ဦးကို စာရင်းပြုစုနိုင်ခဲ့ပြီး ထောက်ပံ့ကြေးများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ (၂၀၂၂) ကို ပြဌာန်းခဲ့ပြီးဖြစ်ရာ သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အဆိုပါဥပဒေအရ သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အခွင့်အရေးများကို ခံစားနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့၏ ဘိုးဘွား၊ မိဘများကို စိတ်ထောင်းကိုယ်ကြေ၊ အိုဇာတာကံခေသူများ မဖြစ်စေဘဲ စိတ်ပျိုကိုယ်နု ဇရာကို အံတုနိုင်သူများဖြစ်စေရန် အတတ်နိုင်ဆုံး အားပေးမြှင့်တင် ဖြည့်ဆည်းရေး  နိုင်ငံတော်အစိုးရနှင့် မျိုးဆက်သစ်တို့၏ တာဝန်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် Video Clip ပြသပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် (၁၄၈) ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ၁၄,၈၀၀,၀၀၀၊ အသက် (၉၀) နှစ်နှင့်အထက် (၅၇) ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ၂၈,၅၀၀,၀၀၀ နှင့် သက်ကြီးပုဂ္ဂိုလ်များအတွက် ကြက်ဥများဝယ်ယူရန် ကျပ် ၈၈၈,၀၀၀၊ စုစုပေါင်း ကျပ် ၄၄,၁၈၈,၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လှူဒါန်းသောဆေးဝါးများကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန်လွင်ကလည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာနိုင်သည့် ဟားခါးမြို့နယ်မှ သက်ကြီးပုဂ္ဂိုလ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)