နေပြည်တော်၊ အောက်တိုဘာ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ က နိုင်ငံတော်ပိုင် မီဒီယာ ရုပ်သံ ဟောပြောချက်တွင် တရားစီရင်ရေးကဏ္ဍမှာ ဘက်လိုက်မှု၊ ကြန့်ကြာမှု၊ အဂတိမှုများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ စောင့်ကြည့်လေ့လာရေး ယန္တရားတစ်ခု ထူထောင်ပြီး လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။
ဦးခင်ရီ က "၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က စပြီး ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး စတင်ကျင်းပ မှာဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး မှတ်ကျောက် တင်နိုင်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်အောင် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ချက်များနဲ့အတူ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင် တို့က ပြည်တွင်း/ပြည်ပလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်လို့ ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်နဲ့ အစိုးရသစ်သည်လည်း တရားဝင်မှုကို ရှိစေမှာ ဖြစ်ပါတယ်။ အခုလာမဲ့ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်က “ပိုမိုခိုင်မာ ပြည်မြန်မာ” ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ဝယ်ရရှိ ထားပြီးဖြစ်တဲ့ အခြေခံကောင်းတွေပေါ်မှာမူတည်ပြီး ပိုမိုခိုင်မာ အင်အားတောင့်တင်း လုံခြုံအေးချမ်းတဲ့ နိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက် လာရမယ်ဆိုတဲ့ နိမိတ်ပုံကိုယူပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လွန်ခဲ့တဲ့ (၃)နှစ်တာကာလအတွင်းက ပြည်သူလူထုရဲ့ အဓိက လိုအင်ဆန္ဒတွေကို စနစ်တကျလေ့လာသုံးသပ်ပြီး ပါတီတာဝန်ရှိသူများက ဘာသာရပ်ဆိုင်ရာ လက်တွေ့ ကျွမ်းကျင်သူများကို ဖိတ်ကြား၍ ကြိမ်ဖန်များစွာဆွေးနွေးကြပြီး နိုင်ငံတော်ရဲ့ အနာဂတ် အစီအမံများကို ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေထဲမှာ ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံ ဆွေးနွေးခဲ့ကြတာဖြစ်လို့ ပါတီရဲ့ အနာဂတ်အစီအမံ ကတိကဝတ်တွေအဖြစ် ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အပြည့်အစုံ ဖော်ပြထားပြီးဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ လုပ်ရမဲ့လုပ်ငန်းစဉ်ကတော့ နိုင်ငံတော် ကဏ္ဍအသီးသီးအရ လက်ရှိ အခြေအနေများကို ပြည်တွင်းကျွမ်းကျင် ပညာရှင်ကြီးများဖြင့် “လေ့လာ၊ သုံးသပ်၊ ဆန်းစစ်ခြင်း” လုပ်ငန်းကို စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကတစ်ဆင့် ဦးစားပေး ကဏ္ဍတွေအလိုက် ထုတ်နှုတ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါဟာ ကျွန်တော်တို့ ပါတီရဲ့ နိုင်ငံအတွက် အခြေခံစဉ်းစားချက် ဖြစ်ပါတယ်။" ဟု ဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဦးခင်ရီက "ယနေ့တင်ပြချက်တွေဟာ အချိန်ကန့်သတ်ချက်အရ ပြည်သူတွေရဲ့ အဓိကလိုလားချက်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းစွာ နေထိုင်လိုမှု၊ အခြေခံစားဝတ်နေရေး အဆင်ပြေစေလိုမှု တို့ကို စတင်၍ အဓိကထား ပြောကြားမှာဖြစ်ပြီး ဆက်စပ်ပတ်သက်နေတဲ့ နယ်ပယ် ကဏ္ဍအချို့ကိုပါ အကျဉ်းချုပ် ထုတ်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်လို့ တပ်မတော် နှင့် အစဉ် လက်တွဲပြီး ကူညီပံ့ပိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ ပတ်သက်လာရင် တရားဥပဒေ စိုးမိုးရေး အင်အားစုတို့လို့ ခေါ်ရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အခွန်ဦးစီးဌာန၊ တရားရေးဌာန၊ ဥပဒေဌာန စသည်ဖြင့် များစွာသော အဖွဲ့အစည်းများနဲ့ ဘက်စုံထောင့်စုံ ပီပီပြင်ပြင် ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီနည်းပညာများ ဖြည့်တင်း၍ အင်အား တိုးမြှင့်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ကို တည်ဆောက်ခြင်း၊ ရဲတက္ကသိုလ်တစ်ခု သီးခြား ဖွင့်လှစ်၍ အကြမ်းဖက်မှု၊ ပြည်တွင်းလုံခြုံရေးနှင့် မှုခင်းနှိမ်နင်းရေးများအား အရည်အသွေး ပြည့်မီစွာ ထမ်းဆောင်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်ရှိဖွဲ့စည်းပုံမှာ လိုအပ်နေသော တိရိစ္ဆာန်များစနစ်တကျ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အပါအဝင် လိုအပ်သော လုံခြုံရေး အဖွဲ့အစည်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်သွားပါမယ်။ ရဲစခန်းတစ်ခုပိုင် နယ်မြေအတွင်းမှာရှိတဲ့ အိမ်ယာတိုင်းအား သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် ချိတ်ဆက်မှုစနစ်မျိုး တည်ဆောက် ထားခြင်းဖြင့်၊ အနီးဝန်းကျင်ရှိ ရဲစခန်းအချင်းချင်းလည်း အချိန်နှင့် တစ်ပြေးညီ ကွန်ယက်ဆက်သွယ်မှုစနစ်ကို ထူထောင်ခြင်းများပြုလုပ်၍ တရားဥပဒေစိုးမိုးရေး နှင့် ရာဇဝတ်မှု နှိမ်နင်းခြင်းများကို ပိုမိုအားဖြည့် ဆောင်ရွက်သွားပါမည်။ အုပ်ချုပ်ရေးကဏ္ဍတွင် အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့ အုပ်ချုပ်ရေး စနစ်အသွင်သို့ ပြောင်းလဲခြင်း၊ ဟန့်တားကြန့်ကြာစေသည့် ကြိုးနီစနစ်များကိုဖယ်ရှားပစ်ခြင်း စတာတို့ကို အထူးအလေးထား ဆောင်ရွက်သွားပါမယ်။ တရားစီရင်ရေးကဏ္ဍမှာ ဘက်လိုက်မှု၊ ကြန့်ကြာမှု၊ အဂတိမှုများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ စောင့်ကြည့်လေ့လာရေး ယန္တရားတစ်ခု ထူထောင်ပြီး လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားပါမည်။ နိုင်ငံသားတိုင်းသည် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများရဲ့ အကာအကွယ်ကို အပြည့်အဝ ခံစားရရှိစေရန် ဆောင်ရွက်ပေးသွား ပါမယ်။"ဟု ကတိပြု ပြောဆိုထားသည်။
ဦးခင်ရီ၏ ဆွေးနွေးတင်ပြချက်တွင် -
အခြေခံစားဝတ်နေရေး အဆင်ပြေစေရေးနှင့် ပတ်သက်လို့ ကုန်စည် စီးဆင်းမှု လျင်မြန် မှန်ကန်စေရန် ဟန့်တားနေသည့် အတားအဆီးများ အားလုံး ဖယ်ရှားခြင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်း၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း၊ သီးနှံဇုန်၊ မွေးမြူရေးဇုန်၊ ရာဘာဇုန်၊ သားငါးဇုန်၊ အလှပန်းမာန်ဇုန် စသည် ဖြင့် သီးခြားဇုန်များကိုသတ်မှတ်၍ သွင်းအားစုများအား အကောက်ခွန်နှုန်း လျှော့ချတင်သွင်းစေပြီး အစိုးရ သက်တမ်းတစ်ခုအတွင်း ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်၍ ပို့ကုန်/ သွင်းကုန်မူဝါဒများအား ပြန်လည် ဆန်းစစ်ခြင်း၊ ဇုန်များမှ ထွက်ရှိသော ထွက်ကုန်အချို့အား ပြည်ပသို့ပို့ကုန်အဖြစ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းဖြင့် ကုန်စည်ဈေးနှုန်းများ ကျဆင်း စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုလည်း တစ်ပါတည်း ပူးတွဲဆောင်ရွက် သွားပါမည်။
စီးပွားရေးကဏ္ဍတွင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ သွင်းကုန် မူဝါဒ၊ ပို့ကုန်မူဝါဒ၊ ကုန်သွယ်မှုမူဝါဒများစတာတွေ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် လုပ်သာကိုင်သာ ရှိသော အခြေအနေမျိုးဖြစ် အောင် စိစစ်ဆောင်ရွက် သွားပါတယ်။
ဆက်စပ်ကဏ္ဍများအနေနဲ့ လယ်ယာကဏ္ဍမှာ မြန်မာ့တောင်သူ လယ်သမားများ ကြွေးမြီ သံသရာမှ တစ်စချင်း လွတ်မြောက်အောင် အစိုးရသက်တမ်းတစ်ခုအတွင်း အာမခံ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
အလုပ်သမားများကဏ္ဍအနေဖြင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကြောင့် တည်ငြိမ် အေးချမ်းမှု နှင့်အတူ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမှာဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုအဆင်ပြေလာမည် ဖြစ်ပါတယ်။ ၎င်းအချက်ကို ထိထိမိမိ အသုံးချနိုင်ရန်အတွက် ပြည်တွင်းရှိ သက်မွေးပညာကျောင်းတွေတွင် “အာဆီယံအဆင့်” သတ်မှတ်နိုင်အောင် စီမံ၍ ပေါ်ပေါက်လာမဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို ရယူခံစားနိုင်အောင် ဆောင်ရွက် ပေးသွားပါမယ်။
အလုပ်သမားများ၏ လုပ်ခလစာများကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် တိုးမြှင့်ခြင်း၊ အလုပ်သမားအခွင့်အရေး အကာကွယ်ပေး ရေး ဥပဒေများကို ဖြည့်စွက်ပြဋ္ဌာန်းခြင်းဖြင့် ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမားအားလုံး တရားဝင်ဖြစ်စေရန် အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်၍ ၎င်းတို့၏ မိသားစုထံ လွှဲပြောင်းငွေတွေကို တရားဝင်နည်းလမ်းနဲ့ ပိုမိုအဆင်ပြေ ချောမွေ့စေရန်လည်း စီမံ ဆောင်ရွက်ပေးပါမည်။
ဝန်ထမ်းကဏ္ဍမှာလည်း အခြေခံလစာကို လက်ရှိအခြေအနေနဲ့ ကိုက်ညီနိုင်အောင် တိုးမြှင့်ပေးပြီး ကုန်ဈေးနှုန်းများ လိုက်လံ တိုးမြင့် မလာစေရန် လိုအပ်သော ဥပဒေများ၊ ထိန်းကျောင်းမှုများ စတာတွေ ချမှတ်ဆောင်ရွက်သွားပါမည်။ ဝန်ထမ်းများအား တာဝန်ထမ်းဆောင်စဉ် ဂုဏ်သိက္ခာ ရှိစွာရပ်တည် နိုင်ရေးအတွက် သွားလာရေးကိစ္စ၊ နေထိုင်ရေး ကိစ္စများတွင် အခွင့်အရေးများ ရရှိစေရန် စီမံဆောင်ရွက် သွားပါမည်။ ဝန်ထမ်းများအတွက် လူမှုဖူလုံရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် များကို ပိုမိုအားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
ဝန်ထမ်းအငြိမ်းစားများအတွက် ခေတ်နဲ့အညီ ရပ်တည်နိုင်အောင် လည်း စီမံဆောင်ရွက် သွားပါမည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ မသန်စွမ်းများ ကူညီ စောင့်ရှောက်ရေး နှင့် လိုအပ်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် နိုင်ရေးကိုလည်း ဥပဒေပြု၍ အစီအမံတစ်ရပ် ချမှတ်ဆောင်ရွက်သွား ပါမည်။
ပညာရေးကဏ္ဍတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် အလယ်တန်း အဆင့်အထိ အခမဲ့ ပညာသင်ကြားရေးစနစ်ကို အားဖြည့် ဆောင်ရွက် သွားပါမည်။ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အလိုက် ကျောင်းစတင်အပ်နှံရ မည့် (၅)နှစ်ကျောင်းနေရွယ် ကလေးများစာရင်း ကောက်ယူရေး လုပ်ငန်း ယန္တရားတစ်ခုကို ဒေသအာဏာပိုင်များ အစီအစဉ်ဖြင့် ကွက်လပ်မကျန် ဆောင်ရွက်ပါမည်။ ၎င်းနောက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး စီမံသွားပါမည်။ မိသားစု စားဝတ်နေရေးအတွက် အခြေအနေအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု မပြုနိုင်တဲ့ ကလေးများ အတွက် “ကျောင်းပြင်ပ ပညာရေးစနစ်”ကို အစားထိုး ဆောင်ရွက်ပြီး ကျောင်းနေအရွယ်အားလုံး ကြွင်းကျန်မှု မရှိစေအောင် စီမံဆောင်ရွက် သွားပါမည်။
အဲ့ဒီနောက် နိုင်ငံတကာအဆင့်မှီပညာရေး ဖြစ်လာစေရန် သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားပါမည်။ ကျောင်းများတွင် ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ် နဲ့ လူ့ကျင့်ဝတ်၊ တရား ဥပဒေစိုးမိုးရေးတို့ကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာ အောင် ကျောင်းသင်ရိုးညွှန်းတမ်းများထဲတွင် ဒီ၎င်းအချက်များ ထည့်သွင်း ရေးဆွဲပြီး အလယ်တန်းအဆင့်ထိ မသင်မနေရ ဘာသာတစ်ခုအဖြစ် သင်ကြားစေမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စု စိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျောင်းသားတိုင်းသည် မိမိဘာသာစကားအပြင် တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးအား အလယ်တန်းအဆင့်ထိ မသင်မနေရ သင်ယူစေခြင်း စတာတွေကို တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူငယ်နှင့် အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်၍ ယနေ့လုပ်ဆောင်ချက် များသည် အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် ရလဒ်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်စေရန် ဖော်ဆောင်ပေးခြင်းဖြစ်သည်။ အနာဂတ် လူငယ်များအတွက် ပဋိပက္ခများ၊ နည်းပညာနောက်ကျမှုများ စတဲ့ လိုအပ်ချက်တွေကို ချန်ထားခဲ့မှာ မဟုတ်ဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီး တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် အမွေပေးနိုင်အောင် အဆင့်ဆင့် တိုးမြှင့်အကောင်အထည် ဖော်သွားမည်။
ကျန်းမာရေးကဏ္ဍအနေနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ မြှင့်တင်ခြင်း၊ ကျေးလက်ဒေသများတွင် လူတိုင်း လက်လှမ်းတစ်မှီ ကျန်းမာရေး စောင့်ရှောက်မှုစနစ် လွှမ်းခြုံနိုင်မှုကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၊ ပြည်သူ၊ ပုဂ္ဂလိက၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ် ထူထောင်ခြင်း၊ ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးလုပ်သားများ ဖြည့်တင်းခြင်း၊ ဆေးကုသမှုစရိတ်များ လျော့ပါးသက်သာအောင် ဆောင်ရွက်ခြင်း၊ တို့ရဲ့ ဖြည့်တင်းပေးခြင်းများ အား တိုးမြှင့် ဆောင်ရွက်သွားပါမည်။
ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသောက်ကုန်များကို ကျန်းမာရေးနှင့်ညီညွတ် စေရန်အတွက် အစားအသောက်ဆေးဝါး စစ်ဆေးရေးအဖွဲ့အစည်း (FDA) ကဲ့သို့သော အဖွဲ့အစည်းများကို တိုးချဲ့ ဖွဲ့စည်းပြီး ကြပ်မတ် ဆောင်ရွက်သွားပါမည်။
ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးမြှင့်စေရေး အတွက် ခရီး သွားလုပ်ငန်း အေဂျင်စီများ၊ ပြည်ပရှိ မြန်မာသံရုံးများ နှင့် ချိတ်ဆက်၍ ခရီးသွား များပြားလာအောင်ဆောင်ရွက်ခြင်း၊ ခရီးသွားဧည့်သည်များအတွက် လုံခြုံပြီး ဆွဲဆောင်နိုင်မှုရှိသည့်နေရာများ နှင့် အဆင့်မှီ အပန်းဖြေ နေရာများ၊ တည်းခိုနေရာများ၊ လွယ်ကူကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေးစနစ်များ၊ ဆက်သွယ်ရေးစနစ်များ၊ ပြည်ဝင်ဗီဇာစနစ်များကို ဖြည့်ဆည်း ဆောင်ရွက်သွားပါမည်။
နိုင်ငံတွင်းရှိ တန်ဖိုးမြင့် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး နှင့် နိုင်ငံတော်မှ တရားဝင်ဈေးကွက်ရရှိရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားပါမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သတ်၍ နိုင်ငံတော်က မူအားဖြင့် သဘောတူညီ ထားပြီးဖြစ်ပါသည်။ ဒါကြောင့် ဒို့တာဝန် အရေး(၃)ပါးကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ ဖြည့်စွက် ရေးများကို နိုင်ငံရေးနည်းလမ်းဖြင့် စဉ်ဆက်မပြတ် ညှိနှိုင်း လုပ်ဆောင် သွားပါမည်။
တိုင်းရင်းသားရေးရာကဏ္ဍတွင် တိုင်းရင်းသားများရဲ့ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့စတာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား မြှင့်တင်ဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ခြင်း၊ မတူကွဲပြားခြားနားခြင်းအား အင်အား အဖြစ် တည်ဆောက်ကာ ဤမြေဤရေကို အတူတကွ ပူးပေါင်း ပိုင်ဆိုင်သူများအဖြစ် ခံယူစေပြီး လှပသော အနာဂတ်အတွက် လက်တွဲ ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်သွားပါမည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကဏ္ဍသည် အချိန်ယူပြီး တစ်ဆင့်ချင်း တည်ဆောက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင် ရေး၊ အားလုံးပါဝင်နိုင်ရေး စသည့် ဆောင်ရွက်ဆဲ နိုင်ငံရေးယဉ်ကျေးမှု အတိုင်း တစ်ဆင့်ချင်း ပိုမိုပီပြင်အောင် ဆောင်ရွက်သွားပါမည်။
ကျွန်တော်ရဲ့ တင်ပြလိုသည်များမှာ အများအမြင် ကျန်ရှိနေပါ သေးတယ်။ ယခုတင်ပြသည့် ခေါင်းစဉ်တစ်ခုချင်းမှာလည်း အသေးစိတ် အခြေအနေများကို ဖော်ပြနိုင်ခြင်းမရှိသေးပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ ထိရောက်ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်ကို ပိုမိုကျယ်ဝန်း ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မှု စွမ်းရည်များရှိခဲ့ကြောင်း အတိတ် သမိုင်းကြောင်းက အခိုင်အမာ သက်သေပြဆိုခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံ့ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ဖူးသူတွေလဲ ပါတီမှ အများအပြား ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ခိုင်မာသော ဦးဆောင်မှုနဲ့ ကျစ်လစ်အားကောင်းသော အင်အားကြီး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေး၊ မဲပေးခြင်းဖြင့် “ပိုမိုခိုင်မာ ပြည်မြန်မာကြီး”ကို အားလုံးဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီရဲ့ အနာဂတ် အစီအမံများကို အကောင် အထည်ဖော်ရာမှာ လုပ်ငန်းစဉ်များ အတိအကျ ရှိနေပြီး ဖြစ်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment