နေပြည်တော်၊ အောက်တိုဘာ ၉
ပြည်ဖျက်မီဒီယာများတွင် ဝေဝေဆာဆာ ရေးသားဖော်ပြလျက်ရှိသော ချောင်းဦးမြို့နယ် ဘုံတိုရွာ အစိုးရဆန့်ကျင်ရေး ဆီမီးသပိတ် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (၉-၁၀-၂၀၂၅) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
PDF အမည်ခံအကြမ်းဖက်အုပ်စုများအနေနှင့် အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှုများ လုပ်ဆောင်ရာတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ လူသားဒိုင်းအဖြစ်အသုံးချ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း အစိုးရဆန့်ကျင်ရေး ဆီမီးသပိတ်အမည်ဖြင့် ပြည်သူလူထုအား အတင်းအကြပ်ဆန္ဒပြခိုင်းပြီး ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အရှက်တရားမဲ့စွာ အကာအကွယ်ယူ လုပ်ဆောင်စေခဲ့သည့်အတွက် ထိုသို့ အတင်းအကြပ်စေခိုင်းခြင်းခံရသူများထဲတွင်ပါဝင်သော တာဝန်သိပြည်သူတစ်ဦး၏ တိကျသော သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူလူထုထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) အဖြစ် ရွေးချယ် တိုက်ခိုက် ခဲ့သည်။
PDF အမည်ခံအကြမ်းဖက်အုပ်စုများသည် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများတွင် အခြေပြုပြီး ချောင်းဦးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ ချောင်းဦး-မုံရွာ ကားလမ်း၊ ချောင်းဦး- မြင်းမူကားလမ်း၊ ချောင်ဦး-ပခုက္ကူကားလမ်းများတွင် သွားလာနေသော ခရီးသည်တင် မော်တော်ယာဉ်များအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ချင်းတွင်းမြစ်အတွင်း သွားလာနေသော သင်္ဘောများအား နှောင့်ယှက်တိုက်ခိုက်ခြင်းများ အမြဲမပြတ် ပြုလုပ်လျက် ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းတွင် ချောင်းဦး-အမြင့်လမ်းစုံဘက်မှ ချောင်းဦးမြို့ အတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း မုံရွာမှမန္တလေးဘက်သို့ ထွက်ခွာ လာသော ရွှေမြန်မာ ခရီးသည်တင်မော်တော်ယာဉ်အား ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ချောင်းဦးမြို့နယ်အတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသခံပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျကာ အကြမ်းဖက်သတ်ဖြတ်မှုများကိုကျူးလွန်နေသော အဖွဲ့များဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment