(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်










နေပြည်တော်၊ အောက်တိုဘာ ၁၃

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင်နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ ရေခဲတောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာပြီးမြောက်စေရေးအတွက် မိမိတို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ မေတ္တာစေတနာအပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အကဲဖြတ်အဖွဲ့ဝင်အနုပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ် ထောက်ပံ့ပေးသူများကို ဂုဏ်ပြုသည့် အခမ်းအနားပင်ဖြစ်ကြောင်း။

အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးဆိုသည့် အလွန်တရာ မွန်မြတ် သော အမျိုးသားရေးရည်မှန်းချက် ပြည့်မြောက်အောင်မြင်စေရေးအတွက် အထင်ကရ အခန်းကဏ္ဍက ပါဝင်စွမ်းဆောင်ပေးလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ကဲ့သို့ပြိုင်ပွဲကြီး အောင်မြင်ရန်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်စွမ်းဆောင်ပေးခဲ့ကြ သည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီး များအားလုံးလည်း နိုင်ငံတော်အစိုးရနှင့် ထပ်တူကျေနပ်ဝမ်းမြောက် ဂုဏ်ယူနေကြ လိမ့်မည်ဟုခံစားမိကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီးအသွင်သဏ္ဌာန်ရော အနှစ်သာရပါ နက်နက်ရှိုင်းရှိုင်းဖြင့် အမျိုးသားရေးအဓိပ္ပာယ် ပြည့်ပြည့်ဝဝဖြင့် ကျင်းပပေးလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲကြီး များ၏ မြင့်မားသည့်ရည်ရွယ်ချက်များ တစ်စထက်တစ်စ ပိုမိုအကောင်အထည်ပေါ် လာအောင် ပညာရှင်ကြီးများအားလုံးက တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များနှင့် အားကြိုး မာန်တက် ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း။

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရကဦးဆောင်ပြီး သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများက မိမိနိုင်ငံ၊ မိမိလူမျိုး၊ တိုးတက်ကြီးပွားရေးအတွက် မိမိတို့၏ကိုယ်ပိုင်စွမ်းအားကို အခြေခံသည့် မှန်ကန်သော အားထုတ်ကြိုးပမ်းမှုများကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာ ကောင်းများနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရင်း စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့ မျက်မှောက်ကာလတွင် ပွင့်လင်းလွတ်လပ်မှုနှင့် တိုးတက်လာသည့် မီဒီယာများကိုအသုံးပြုပြီး ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှုအမျိုးမျိုးသည် နယ်ပယ်အသီးသီးတွင် ထွေးရောယှက်တင် ဝင်ရောက်လာနေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအသီးသီးသည် မိမိတို့၏ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုဓလေ့စရိုက်များကို တန်ဖိုးထားထိန်းသိမ်းပြီးရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားနေကြကြောင်း၊ အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ အသက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့အချိန်အခါမျိုးတွင် မျိုးဆက် သစ်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန်နေစေရအောင် အနုပညာစွမ်းအားဖြင့် စေ့ဆော်မြှင့်တင်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဘိုးဘွား အဆက်ဆက် အနုပညာရှင်မျိုးဆက်အဆင့်ဆင့်တို့က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း သယ်ဆောင် ပွားများလာခဲ့ကြသည့်အတွက် ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းပင် ဖြစ်ကြောင်း၊ နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် စဉ်ဆက် မပြတ် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများက ထိန်းသိမ်းဆင့်ပွား အမွေပေးခဲ့ သည့် ကျေးဇူးတရားကြောင့် ယနေ့မိမိတို့တတွေသည် အဖိုးအနဂ္ဃထိုက်တန်လှသည့် မြန်မာ့ယဉ်ကျေးမှု အနုပညာဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားကြသူများ အဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း။

ထို့ကြောင့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက် တွင်ပေါ်ထွန်းခဲ့သည့် ဘိုးဘွားဆရာသခင် အနုပညာရှင်ကြီးများ၏ အစဉ်အလာ ကောင်းများနှင့်အညီ အမွေဆက်ခံထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီး ပိုမိုခိုင်ခံ့ဝင့်ကြွား တန်ဖိုးကြီးမားလာစေရအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာ နောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအမွေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း။

မိမိတို့အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ် ကျေးမှု အနုသုခုမပညာရပ်များ ဆတက်ထမ်းပိုး တိုးတက်ရှင်သန် ထွန်းကား ပြန့်ပွားစေရအောင် ဆက်လက် ထိန်းသိမ်းမြှင့်တင်ပေးနိုင်ကြပါစေ၊ မိမိတို့၏ ပြည့်စုံ ကြွယ်ဝလှသည့် အတွေ့အကြုံများ၊ တန်ဖိုး မဖြတ်နိုင်သည့် အနုပညာစွမ်းအားများကို မျိုးဆက်သစ် လူငယ်များအား ပညာဖြန့်ဝေပေးနိုင်ကြပါစေ၊ ကိုယ်စိတ်နှလုံးချမ်းမြေ့

9 စွာ၊ ကျန်းမာချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ကြသည်အထိ နိုင်ငံနဲ့လူမျိုး အကျိုးကို အနုပညာ စွမ်းပကားဖြင့် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ၊ နောင်လာမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးပေါင်းများစွာ တိုင်သည် အထိ မိမိတို့၏အနုပညာစွမ်းအားဖြင့် ဆက်လက်ကူညီပံ့ပိုးနိုင်ကြပါစေ ဟု မေတ္တာပို့သ ဆန္ဒပြုပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား အတွင်းရေးမှူး ဦးမင်းထက်သာနှင့် အတီးအကဲ ဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးစောဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား မကွေးတိုင်းဒေသကြီးမှအုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူများ ကိုယ်စားအခမ်းအနား မှူးတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်သည်။

ထို့နောက် အကဲဖြတ်ပညာရှင်များကိုယ်စား အဆိုအကဲဖြတ်ပညာရှင် ဦးတင်ဦးလေးက ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင် များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ သာသာနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။

ထို့နောက် အထူးအစီအစဉ်အဖြစ် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘင်ပညာရှင်ကြီးများဖြစ်ကြသည့် အနုပညာဦးစီးဌာနမှ အသက် ၇၄ နှစ်ရှိ အငြိမ်းစားဦးစီးအရာရှိ ဆရာကြီး ပန်တျာ ဦးမြင့်သိန်း နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ အငြိမ်းစား ဂုဏ်ထူးဆောင်ပါမောက္ခကြီး အသက် ၇၆ နှစ်ရှိ ဒေါက်တာ နုနုခင်တို့နှင့်အတူ လက်ဆင့်ကမ်းအမွေကို ဆက်ခံကြမည့် မျိုးဆက်သစ် လူငယ်လေးများဖြစ်ကြသည့် မွန်ပြည်နယ်မှ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အကပြိုင်ပွဲ ပထမဆုရ မောင်စောအောင်ဟိန်းထွေး (ခေါ်)အဲအဲနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အကပြိုင်ပွဲမှ ပထမဆုရ နန်းကဋေစံဦး တို့က “သစ္စာထားနှစ်ပါးသွား” အကဖြင့် ဂုဏ်ပြုလက်ဆင့်ကမ်း ဖျော် ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အငြိမ်းစားဦးစီးအရာရှိ ဆရာကြီး ပန်တျာဦးမြင့်သိန်းနှင့် အငြိမ်းစားပါမောက္ခကြီး ဒေါက်တာနုနုခင်တို့အား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး မေးမြန်းနှုတ်ဆက်စကား ပြောကြားသည်။

ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)