၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ






နေပြည်တော်၊ အောက်တိုဘာ ၁၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သောစစ်သည်များ ပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများအတုယူလေ့လာနိုင်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီး ဖြင့် ထွက်ခွာကြသည်။

အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန် လူငယ်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူး ၁ ဘာသာဖြင့် အောင်မြင်သောစစ်သည် ၁ ဦးနှင့် ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၂ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၃၄ ဦးတို့ပါဝင်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ အောက်တိုဘာ ၁၈ ရက်အထိ လေ့လာရေးခရီးစဉ်ကာလအတွင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံရှိ Tian Tan ပန်းခြံ၊ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး (Great Wall) နှင့် အခြားအထင်ကရ နေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊သမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊သမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏သား၊သမီးများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများ အနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် တွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ လေ့လာရေးခရီး ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာကြမည့် အုပ်ချုပ်သူများနှင့် မျိုးဆက် သစ်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားမှုများကို ယခုကဲ့သို့ ကြားသိရပါသည်-


ဗိုလ်မှူးကြီး မျိုးမြင့်အောင် (လေ့လာရေးအဖွဲ့ ခေါင်းဆောင်)

အခုလေ့လာရေးခရီးသွားရမယ့်အစီအစဉ်ကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ စစ်မှုထမ်းဟောင်းသားသမီးများထဲမှ အမှတ်အများဆုံးနှင့် လူရည်ချွန်ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၂၇ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရစစ်သည်တစ်ဦး၊ အောင်ချက်အကောင်းဆုံးရရှိခဲ့သည့် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းနှင့် တပ်မတော်ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအုပ်ချုပ်မှုအဖွဲ့ဝင်ခြောက်ဦး စုစုပေါင်း ၃၄ ဦးပါဝင်တဲ့ လေ့လာရေးအဖွဲ့ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှိ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး၊ ဗုဒ္ဓမြတ်စွယ်တော်ကျောင်းတိုက်၊ ကွမ်ကျိုးမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ ကွမ်ကျိုးတာဝါ စတဲ့အထင်ကရနေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ အခုလိုသွားရောက်တဲ့ခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်၊ အခုလိုသွားရောက်ခွင့် ရရှိခဲ့တဲ့ အတွက် တပ်မတော်အကြီးအကဲနှင့်တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ် ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အခုလို လေ့လာရေးခရီးစဉ်စေလွှတ်ပေးခြင်းဖြင့် တရုတ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောပ်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့-နည်းပညာအခြေခံစနစ်များ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုများ၊ စတဲ့ကောင်းမွန်တဲ့အသိပညာဗဟုသုတများ ရရှိမှာဖြစ် ပါတယ်။ ရရှိလာတဲ့ကောင်းမွန်တဲ့အသိပညာ ဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂါတ်အတွက် များစွာအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်ပေးတဲ့ ကောင်းမွန်တဲ့အသိအမြင် ဗဟုသုတများ ရရှိကာ နိုင်ငံတော်နှင့်တပ်မတော်ကအားထားရသည့် အရည်အချင်းပြည့်ဝတဲ့ သားကောင်း ရတနာ သမီးကောင်းရတနာများအဖြစ် တိုင်းပြည်ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါတယ်။


ဒုတိယတပ်ကြပ် ကောင်းမြတ်ကျော် (တစ်ဘာသာဂုဏ်ထူးရှင်)

ကျွန်တော်က ပညာရေးကျောင်းကနေ တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စစ်သည်တစ်ယောက်အနေနဲ့ ကြိုးစားရတာ အပြင်ကျောင်းတွေလိုမျိုးမဟုတ်ပါဘူး။ တပ်မတော်သား တစ်ယောက်ရဲ့တာဝန်တွေလည်း ကျေပွန်အောင် ဆောင်ရွက်ရတယ်။ အဲဒီလို ရတဲ့အချိန်တွေ ထဲကနေ စာကို မနားမနေ ကြိုးစားကျက်မှတ်ခဲ့တာပါ။ ကျောင်းမှာ သင်ကြားပေးတဲ့ သင်ခန်းစာတွေကို ကြိုးစားသင်ယူပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း မအိပ်ဘဲ ညနက်တဲ့အထိ လေ့လာကျက်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို လေ့လာရေးခရီးသွားရောက် လည်ပတ်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အထူးကျေးဇူးတင်ရှိပါတယ်။ လေ့လာရေးခရီးစီစဉ်ပေးတဲ့


မခင်တင့်တယ်ထက် (ခြောက်ဘာသာဂုဏ်ထူးရှင်)

ခြောက်ဘာသာဂုဏ်ထူးရဖို့အတွက် တစ်နှစ်ပတ်လုံး တစိုက်မတ်မတ် စာကို ကြိုးစား ခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်နဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်ရှင့်။ အခုလို ဂုဏ်ထူးရတဲ့ကျောင်းသားကျောင်းသူတွေ ကို နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေက တရုတ်နိုင်ငံကို လေ့လာရေးစေလွှတ်ပေးတဲ့ အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အစားအသောက် တွေ၊ လူမျိုးတွေ အားလုံးကို လေ့လာရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေမိပြီး သူငယ်ချင်း တွေအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ အခုလို လေ့လာရေးခရီး စေလွှတ်ပေးတဲ့ အတွက် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ အနာဂတ်ရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်ရှင့်။ ဒီလို ဆရာဝန် တစ်ယောက် ဖြစ်ဖို့ကိုလည်း အခုချိန်ကတည်းက ကြိုးစားနေပါတယ်ရှင့်။


မောင်အောင်ခန့်ကို (ခြောက်ဘာသာဂုဏ်ထူးရှင်)

တစ်နှစ်ပတ်လုံး စာကို အစဉ်မပြတ်ဘဲ တစ်နေ့စာ တစ်နေ့ပုံမှန်ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပြသမှုတွေကို သေသေချာချာ လိုက်နာမှတ်သားတယ်။ မေးခွန်းဟောင်း တွေကို အထပ်ထပ်အပြန်ပြန် လေ့ကျင့်တယ်။ စာကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ကြိုးစား ကျက်မှတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားမှုတွေ အရာထင်လာအောင်အသိအမှတ်ပြု ပြီးတော့ လေ့လာရေးခရီးစေလွှတ်ပေးတဲ့အတွက်လည်း အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုလို တရုတ်နိုင်ငံကို လေ့လာရေးခရီးစေလွှတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားပြီး အင်ဂျင်နီယာဘွဲ့ယူပါမယ်။ပြီးရင် PhD အထိရအောင် ကြိုးစားသွားမှာပါ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)