ရန်ကုန်၊ အောက်တိုဘာ ၁
နေပြည်တော်တွင် ဗလီဆောက်လုပ်ခွင့်နှင့် မြေနေရာချထားပေးခြင်းကို ပြန်လည်စိစစ် ရုပ်သိမ်းပေးရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က နိုင်ငံတော်အကြီးအကဲများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မ က "နေပြည်တော် က နောင်တော်ကြီးတို့က ဗလီအတွက် မြေနေရာချထားပေးတဲ့အပေါ် ကန့်ကွက်စာတင်ထားပြီးပြီ။ အဲဒီစာကို ဦးဇင်းတို့ အဖွဲ့ကိုလည်း ပေးထားတယ်။ ဒါကတော့ အားလုံးညီညီညွတ်ညွတ်နဲ့ အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ရမယ့် ကိစ္စပါ။ ဆရာတော်အနေနဲ့ စီစဉ်ထားတာကတော့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံကို ဗလီဆောက်လုပ်ခွင့်နှင့် မြေနေရာချထားပေးခြင်းကို ပြန်လည်စိစစ် ရုပ်သိမ်းပေးရန် စာတင်ဖို့ လုပ်ထားပြီးပါပြီ။ မနက်ဖန် တင်မှာပါ။ အဓိက က ခွင့်ပြုချက်အမှတ် ၁၀၂၅ ရက်စွဲ ၃. ၃. ၂၅ နှင့် ၃၁. ၁. ၂၀၂၅ ရက်စွဲ တို့ဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ခွင့်ပြုထားသော ဘောဂဝတီရပ်ကွက်မှ ဗလီနှင့် မြေနေရာအား ပြန်လည်သုံးသပ် ပြင်ဆင် ဖျက်သိမ်း ပေးနိုင်ပါရန် မေတ္တာရပ်ခံမယ်။ နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ ဘောဂသီရိရပ်ကွက်မှာ ရှီယာအစ္စလာမ်ဘာသာဝင်များ နှင့် ဆွန်နီ အစ္စလာမ်ဘာသာဝင်များ၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာချထားပေး၍ ဆောက်လုပ် ခွင့် ပြုနေခြင်းကြောင့် ရဟန်းရှင်လူ ပြည်သူအများ စိတ်မချမ်းမြေ့ ဖြစ်နေကြရတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘာသာပေါင်းစုံဆိုတဲ့ အဖွဲ့များအား နေပြည်တော်တွင် တွေ့ ဆုံပြီး မြေနေရာများ ပေးထားခဲ့ပြီ ကြားကတည်းက ကန့်ကွက်မှုများကို ကြားသိမြင်တွေ့ ခဲ့ပါတယ်။ ဘုန်းဘုန်းတို့ကိုယ်တိုင်လဲ ကန့်ကွက်ခဲ့ပြီးပါပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ ဒီလိုလုပ်ရပ်ဟာ အင်မတန် ရင်နာဖို့ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။" ဟု ပြောသည်။
ဆရာတော် ဦးဉာဏဓမ္မ က "NLD အစိုးရလက်ထက်တွင် သာ/ဝန် ဦးအောင်ကို က အစ္စလာမ်ဘာသာဝင်တွေ ထောင်နဲ့ချီပြီး တစ်စုတစ်ဝေးတည်း ဝတ်ပြုနိုင်ရန် တောင်ဒဂုံမှာ ဗလီကြီး ဆောက်လုပ်ပေးမယ်လို့ ပြောခဲ့လို့ သာဝန်ဖြုတ်ချရေး ဆန္ဒပြတောင်းဆိုပွဲကြီး လုပ်ခဲ့ကြပါတယ်။ ဘာသာရေးနယ်ချဲ့ ဖို့ ကြိုးစားနေတဲ့ မိမိတို့တိုင်းရင်းသားမဟုတ်သည့် အစ္စလာမ်တွေကို မျက်နှာလို မျက်နှာရ အဲဒီလောက်ထိတော့ အရေးမပေးသင့်ဘူးလို့ မြင်ပါတယ်။ နိုင်ငံတော်သစ္စာဖောက် ဝန်ကြီး ဦးအောင်ကို ဟာ အပြောသာရှိပြီး လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာကို ဖျက်လိုဖျက်ဆီးလုပ်နေသူ အမျိုးသား သစ္စာဖောက်များလက်မှ ကယ်တင်ခဲ့သော ဘုန်းဘုန်းတို့ကိုယ်တိုင် အားပေးထောက်ခံခဲ့သည့် တပ်မတော် က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားသည့် အချိန်ကာလကျမှပဲ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးနယ်ချဲ့ဖို့ တရားဝင် ခွင့်ပြုပေးလိုက်ခြင်းဟာ လွတ်လပ်ရေးမရခင်ကတည်းကနေ ယနေ့အချိန် ထိ တိုင်းပြည်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတဲ့ မြန်မာ့တပ်မတော်သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသော လုပ်ရပ် ဖြစ်စေပါတယ်။ မကြာမှီ ရွေးကောက်ပွဲကာလ ရောက်ရှိတော့မှာ ဖြစ်သည့်အတွက် မလိုလားအပ်သော အဓိကရုဏ်းများ မဖြစ်ပေါ်စေရေးနှင့် နိုင်ငံတော်ကြီး၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ အစ္စလာမ်ဘာဝင် ရှီယာ၊ ဆွန်နီ တို့အား မြေနေရာချထားပေးခြင့်နှင့် ဗလီ ဆောက်လုပ်ခွင့်အား ပြန်လည်ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံ တင်ပြသွားမှာဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
အဆိုပါ ဗလီဆောက်လုပ်နေမှုနှင့် မြေနေရာချထားပေးမှုအပေါ် နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များက (၃၀-၉-၂၀၂၅) ရက်နေ့ က နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာများသို့ ကန့်ကွက်စာ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) မှာ ဆရာတော် က"ယနေ့အချိန်တွင် လူ့အခွင့်အရေးလို့ အော်နေကြသည့် အမေရိကန် ၊ အင်္ဂလန်၊ ဩစတေးလျား စသည့် နိုင်ငံများမှ ဌာနေပြည်သူများသည် မွတ်ဆလင်များ၏ အယူအဆနှင့် လုပ်ရက်များကိုပင် စက်ဆုပ်ရွံရှာ သည့်အတွက် လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရပါတယ်။ ဒီလို အနေအထားမျိုးမှာ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ တာဝန်ရှိအစိုးရမှ ဗလီဆောက်လုပ်ခွင့်ပြုခြင်းအပေါ် ကြားသိရ ၍ များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရမီကပင် ကုလား-ဗမာ အဓိကရုဏ်များ ၊ လွတ်လပ်ရေးရပြီးနောက် ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ရခိုင်၊ မိတ္ထီလာ၊ မန္တလေး၊ လားရှိုး စသည့် မြို့များတွင် မွတ်ဆ လင်များကြောင့် အရေးအခင်း အဓိကရုဏ်များ ဖြစ်ခဲ့ရပါတယ်။ ထိုမွတ်ဆလင်များ၏ အယူအဆများနှင့် လုပ်ရပ်များကို သိရှိရ၍ ဦးနေဝင်းဦးဆောင်သော တပ်မတော်အစိုးရလက်ထပ်၌ ၁၉၈၂- ဘာသာခြားများ အဆောက်အဦးဆောက်လုပ်ခွင့်ဥပဒေ ကို ပြဌာန်းခဲ့ပါတယ်။ ၎င်းဥပဒေကို အစိုးရအဆက်ဆက်မှ လိုက်နာကျင့်သုံး စေလိုပါတယ်။ သို့ဖြစ်ပါသောကြောင့် နေပြည်တော်မှာ တည်ဆောက်မည့် ဗလီအသစ်မှ သည် - တစ်နိုင်ငံလုံးရှိ ဗလီအသစ်များနှင့်တကွ၊ မူလအဟောင်းကို ကျော်လွန်၍ ပြုပြင်တိုးချဲ့နေသော ဗလီများ အားလုံးကို ၁၉၈၂ ဘာသာခြားများ အဆောက်အဦဆောက်လုပ်ခွင့်ဥပဒေနှင့်အညီ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)မှ ကန့်ကွက်ပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်" ဟု မိန့်ကြားသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment