၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ယခု အောက်တိုဘာလ ၂၈ ဆိုရင် ပါတီများမှာ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဆိုရင်တော့ စာရေးသူအနေနဲ့ ပုဂ္ဂိုလ်ရေး ဖွဲ့ဆိုရေးသားမှုတွေကို မလုပ်ချင်ပါဘူး။ သို့သော် ပြည်ဖျက်မီဒီယာများသည် တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များအပေါ် တစ်ဦးချင်းစီကို ပစ်မှတ်ထားပြီး အများပြည်သူ အထင်မှား၊ အမြင်မှားဖြစ်အောင် လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေမှုတွေ လုပ်ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေက အဲဒီလို လုပ်လာတော့ စာရေးသူအနေနဲ့က ပြည်သူများ မှန်ကန်စွာ သိမြင်နားလည်စေဖို့ အသိမှား၊ အမြင်မှား မဖြစ်စေဖို့ တဖန်ပြန်လည်ရေးသားပြဆိုဖို့ရာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။
၂၆-၁၀-၂၀၂၅ ရက်နေ့ မှာ ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ရဲ့ ဧရာဝတီသတင်းဌာန က လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ်အတွင်းမှာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ လှူဒါန်းတာကို မဲဆွယ်စည်းရုံးရေးကာလမတိုင်မီ မဲဆွယ်စည်းရုံးပါတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားဖြန့်ဝေထားပါတယ်။
ပြည်ဖျက်မီဒီယာ ဧရာဝတီရဲ့ အာဘော် မှာ "စစ်ကော်မရှင်ဝန်ကြီး ဦးမောင်မောင်အုန်း မဲဆန္ဒနယ်မြေ၌ ဘုရားရုပ်တု ဝေ" လို့ ခေါင်းစဉ်တပ်ထားတာကို တွေ့ရပါတယ်။
လုပ်ကြံဖန်တီး ရေးသားဖော်ပြရာမှာတော့ "စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ၎င်း၏ မဲဆန္ဒနယ်မြေဖြစ်သော တပ်ကုန်းမြိုနယ်ဒေသခံများနှင့် ယမန်နေ့က တွေ့ဆုံစဉ် ဗုဒ္ဓဆင်းတု ရုပ်ပွားတော်များနှင့် ပြန်ကြားဝန်ကြီးဌာနထုတ် ပြက္ခဒိန်များ ပေးဝေခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် လာမည့်ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကိုယ်စားပြုကာ တပ်ကုန်းမြိုနယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။" လို့ ရေးသားဖော်ပြထားပါတယ်။
ပြည်ဖျက်မီဒီယာက မလိုတမာစိတ်ထားနဲ့ အများပြည်သူ အသိမှား၊ အမြင်မှားဖြစ်အောင် လုပ်ကြံဖန်တီးရေးသား ဖော်ပြသည့်တိုင်အောင် တပ်ကုန်းမြို့နေ ပြည်သူများအနေနဲ့ကတော့ ဦးမောင်မောင်အုန်းလို ပုဂ္ဂိုလ်မျိုးကို လိုလားသင့်တယ်လို့ ဆိုချင်ပါတယ်။
စာရေးသူအနေနဲ့ ဘာကြောင့် ဒီလိုညွှန်းဆိုရသလဲ။ ညွှန်းဆိုချင်လောက်အောင်ကို ဦးမောင်မောင်အုန်းအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက် မှတ်တမ်းကောင်းတွေ ရှိထားပါတယ်။ သေချာတာကတော့ တပ်မတော်အရာရှိ (ငြိမ်း)များအနေနဲ့က ဥပဒေမဲ့ လုပ်ရပ်တွေကို မလုပ်ဘူး။ တပ်ကုန်းမြို့နယ်အတွင်း ဒေသခံပြည်သူများနဲ့ တွေ့ဆုံခြင်းဟာလည်း မဲဆွယ်စည်းရုံးရေးဆင်းခြင်းမဟုတ်ဘဲ တပ်ကုန်းမြို့နယ်ဟာ ရေဘေး၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ဒေသခံပြည်သူများမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာကြောင့် တာဝန်ရှိသူများအနေနဲ့ ကူညီထောက်ပံ့မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရတဲ့ ဒေသဖြစ်ပါတယ်။
ဦးမောင်မောင်အုန်း ဟာ တပ်မတော်မှာ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးတာဝန်ကို ၂၀၁၃-၂၀၁၄ မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို ၂၀၁၄-၂၀၁၅ မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ဒီကာလဟာ ရခိုင်ပြည်နယ်မှာ အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်နေတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။ ခိုးဝင်ဘင်္ဂါလီတွေနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်းဆောင်ရွက်နေရတဲ့ ကာလဖြစ်သလို အိုအိုင်စီရဲ့ အထောက်အပံ့ယူပြီး တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားလိုတဲ့ ပြည်ဖျက်မီဒီယာတွေကို ဦးမောင်မောင်အုန်း အနေနဲ့ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနေရတဲ့ ကာလဖြစ်ပါတယ်။ ဒီအခိုက်အတန့်ဟာ စာရေးသူအနေနဲ့ ဦးမောင်မောင်အုန်း ကို လေးစားရတဲ့ အခိုက်အတန့်ပါပဲ။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့ပေါ်မှာ ကျွန်တော်တို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ရခိုင်အမျိုးသားရေးသမားတွေနဲ့က အတူလက်တွဲပြီး ရခိုင်ပြည်နယ်အရေး၊ ခိုးဝင်ဘင်္ဂါလီများကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ ဖိအားပေးမှုတွေကို ဂျက်လကန်ပေးပြီး ဆန့်ကျင်ကန့်ကွက်နေချိန်မှာ ဦးမောင်မောင်အုန်း ကလည်း အခက်အခဲ အကြပ်အတည်းတွေကို ပညာသားပါပါ ကျော်ဖြတ်နေတဲ့ အချိန်ဖြစ်လို့ပါပဲ။
စကားချပ်အနေနဲ့ ထည့်ပြောချင်တာက ရခိုင်လူမျိုးတချို့ဟာ ရခိုင်အစွန်းရောက်စိတ် ရှိကြပါတယ်။ တချို့သော ရခိုင်တိုင်းရင်းသားများကတော့ တိုင်းရင်းသားအားလုံး ချစ်ကြည်ညီညွတ်ရေးဆီကို ဦးတည်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုကို အားပေးတဲ့အထဲ လက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်အေးမောင် တို့ ကိုယ်တိုင်က ချီးမြှင့်အားပေးပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့အခါမှာ ဦးမောင်မောင်အုန်း ဟာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကို ခေတ္တမျှ ဦးဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ကို ဆက်လက်တာဝန်ယူခဲ့ရပါတယ်။
ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာန ကို တာဝန်ယူဆောင်ရွက်နေချိန်မှာ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံက လုပ်ဆောင်ခဲ့သလို နိုင်ငံတော်အစိုးရနဲ့ အနုပညာရှင်များအကြား ကွာဟမှုမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒီအချက်တွေကို ထောက်ထားခြင်းအားဖြင့် ဦးမောင်မောင်အုန်း အနေနဲ့ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် အမှားအယွင်းနည်းပြီး မိမိတာဝန်ယူရတဲ့ ကဏ္ဍမှာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။
ကြားသိရတဲ့ သတင်းတွေအရ ဦးမောင်မောင်အုန်းအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သွားရောက်ပြီး ရွေးကောက်ပွဲဝင်ရန် စိတ်ဆန္ဒရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် နေပြည်တော်အတွင်းကနေသာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဆိုတာ မိမိဝင်ရောက်အရွေးချယ်ခံတဲ့ နယ်မြေဒေသတစ်ခုတည်း အရေးကို လုပ်ဆောင်ရတာမျိုး မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအရေးကို အလေးထား လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ်က ပြည်သူတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို စိစစ်ပြီး ရွေးချယ်ကြမယ်ဆိုရင် ဦးမောင်မောင်အုန်းရဲ့ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းများနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာ စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတာတော့ ငြင်းဆန်လို့ မရပါဘူး။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ ပြည်သူများက တိုင်းပြုပြည်ပြု အမှန်တကယ် လုပ်ဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အလေးထား ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လေပြောသန်သလောက် လက်တွေ့မှာ ဘာမှစွမ်းဆောင်ရည်မရှိတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်မော်ကြွားနိုင်စေဖို့ အပြောမဟုတ် အလုပ်နဲ့ သက်သေပြနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ကြပါလို့ ထပ်ဆင့်တိုက်တွန်းလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment