ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ Eco Expo Asia 2025 ပြပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ Eco Expo Asia 2025 ပြပွဲသို့ တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး H.E. Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ Hong Kong Asia World-expo ၌ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် အကြိမ်(၂၀) မြောက် Eco Expo Asia 2025 သို့ ပါဝင်တက်ရောက်သည်။

ယမန်နေ့က Eco Expo Asia ဖွင့်ပွဲကို Hong Kong Asia World-expo ၌ ကျင်းပရာ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chin-wan က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chin-wan ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တက်ရောက်လာသည့် နိုင်ငံ့ကိုယ်စားလှယ်ခေါင်းဆောင်များက ပြပွဲကို ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် Eco Expo Asia Conference – Government Session (1) တွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများ၊ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝ ပြီး ဂေဟစနစ်အခြေပြု ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိကြောင်း၊ အာရှဒေသတွင်း နိုင်ငံများ နည်းတူ ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ ၎င်းစိန်ခေါ်မှုများကို လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ခိုင်မာသော မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ကာဗွန်မျှခြေ ရရှိရေးဆိုင်ရာ ခိုင်မာသည့် မူဝါဒနှင့် မဟာဗျူဟာအစီအစဉ်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပါရီသဘောတူညီချက အရ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းအစီအစဉ် (NDCs)” ကို ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပြီး ၂၀၃၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်များ ရရှိရေးအတွက် သဘာဝအခြေပြု ဖြေရှင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သည့် အမြဲတမ်း သစ်တော နယ်မြေများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်လျက် ရှိကြောင်း၊ နိုင်ငံတော်၏ စွမ်းဆောင်ရည်နှင့်အညီ “NDC 3.0” ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ပြည်သူလူထုပူးပေါင်းပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေးကမ်ပိန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များအား အကျိုးရှိစွာအသုံးပြုမှုကို ဦးစားပေးသည့် ကာဗွန် ထုတ်လွှတ်မှုနည်းသော၊ တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုတိုးလာခြင်းကို တုံ့ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) နှင့် ပလတ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များဖြင့် အမြဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များ၊ သံတမန်များနှင့်အတူ အစိမ်းရောင် အခြေပြု စီမံကိန်းပြခန်းများ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များဆိုင်ရာ ပြခန်းများ၊ လေအရည်အသွေးသန့်စင်ပေးခြင်း ဆိုင်ရာပြခန်းများ၊ အမှိုက်များ ပြန်လည်သန့်စင် ခြင်းနှင့် စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာပြခန်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အခြေပြုစွမ်းအင်ထုတ် လုပ်မှုဆိုင်ရာ ပြခန်းများ၊ အစိမ်းရောင်အဆောက်အအုံများ ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများ၊ အစိမ်းရောင် ပို့ဆောင်ဆက်သွယ်ရေးဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်နှင့် ဓာတ်ငွေ့သုံး Hybrid ကားနှင့် ဟိုက်ဒရိုဂျင် လောင်စာသုံးကားများဆိုင်ရာ ပြခန်းများကို လေ့လာ ကြည့်ရှုကြသည်။

ထို့နောက် ဟောင်ကောင်၏ မဟာဗျူဟာနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရရှိရေးအတွက် ဆောင်ရွက် နေသော အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ၊ ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု၊ အစိမ်းရောင် အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေး၊ ကာဗွန်ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြု ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်သုံးစွဲရေးစသည့် အကြောင်းအရာများ ပါဝင်သော နည်းပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)