ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK-2025) အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK-2025) အခမ်းအနား တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၂၉

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ NESCO Exhibition Center ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အဆိုပါအခမ်းအနားကို အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပင်လယ်ဆိပ်ကမ်း အခြေခံအဆောက်အအုံမြှင့်တင်ရန်၊ ဆိပ်ကမ်းစီမံ ခန့်ခွဲမှုလုပ်ငန်းများခေတ်မီရေး အဆင့်မြှင့်တင်ရန်နှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်နိုင်ရန်စသည့်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားနိုင်စေရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားသို့ လိုက်ဘေးရီးယား၊ မော်ရစ်ရှ၊ မြန်မာ၊ နယ်သာလန်၊ နော်ဝေ၊ သီရိလင်္ကာ၊ ဆော်ဒီ အာရေဗျ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အပျော်စီးခရီးသည်များ၏ စီးပွားရေး၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ ကာဗွန်လျှော့ချရေး၊ အသွင်ပြောင်းအင်ဂျင်ဆိပ်ကမ်းများ တည်ဆောက်ရေး၊ ကုန်ပစ္စည်းများဖြန့်ဝေမှု ကွင်းဆက်အား ခိုင်မာအောင်တည်ဆောက်ခြင်း၊ အပြာရောင်စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပင်လယ်ရေကြောင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုနှင့် အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး၊ အင်ဒို-ပစိဖိတ်ဒေသတစ်လျှောက်ရှိ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ဝန်ကြီးများအဆင့်အစည်းအဝေး ဆက်လက်တက်ရောက်ပြီး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် ကမ်းရိုးတန်း ကီလိုမီတာ ၂၃၀၀ ကျော်ရှိသည့် တောင်နှင့်အရှေ့တောင်အာရှကို ဆက်သွယ်ထားသော မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေပြီး မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများဖြစ်သော ရန်ကုန်၊ သီလဝါနှင့် ကျောက်ဖြူတို့သည် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ချိတ်ဆက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံသည် IMO ၏ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး ရေကြောင်းကျွမ်းကျင်ပညာရှင်များနှင့် သင်္ဘောသားများအတွက် သင်တန်းပေးခြင်းတို့ကိုလည်း ခေတ်နှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း။

အိန္ဒိယ-မြန်မာ ကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက ကုန်သွယ်မှု လမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ဒေသတွင်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ BIMSTEC Coastal Shipping Agreement အရ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် အဆင်ပြေသော ရေကြောင်းဆက်သွယ်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ကမ်းရိုးတန်း နိုင်ငံအားလုံးအတွက် ပူးတွဲအပြာရောင်စီးပွားရေးကိုလည်း ထောက်ပံ့ကူညီပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းထောက်ပံ့ရေး ကွင်းဆက်ကောင်းမွန်နေစေရေးသည် ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်ဘဲ ကမ်းရိုး တန်းနိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ကိုယ်စီရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ASEAN၊ BIMSTEC စသည့် ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ttps://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)